ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဥက္ကဌ ဖြစ်သူ အယ် ခါလိုင်ဖီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ် ဆိုစီဒက် ၁-၂ ပီအက်စ်ဂျီ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ ရာသီကုန်မှာ အသင်းပြောင်းဖို့ မသေချာသေးဘူးလို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဆိုစီဒက်နဲ့ ပီအက်စ်ဂျီတို့က ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ပြင်သစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က ပီအက်စ်ဂျီဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားတာကြောင့် ဒုတိယအကျော့ အဖြစ် စပိန်မြေမှာ ယှဉ်ပြိုင် ကစားရတဲ့ ပွဲစဉ်မှာ ဆိုစီဒက်က ပီအက်စ်ဂျီကို ပွဲစတာနဲ့ ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

Photo Credit: Euro Sports

ပီအက်စ်ဂျီကတော့ အမ်ဘာပေ ၊ ဘာကိုလာ ၊ ဒမ်ဘီလီ စတဲ့ မြန်နှုန်းမြင့် ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းကာ တန်ပြန်တိုက်စစ်တွေနဲ့ ဆိုစီဒက်ကို ပြန်လည် ဒုက္ခပေးဖို့ စီစဉ်လာခဲ့ပြီး အသင်းခေါင်းဆောင် အမ်ဘာပေက အထူး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ်။

ဆိုစီဒက် ၁-၂ ပီအက်စ်ဂျီ ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် သွင်းဂိုးတွေကို အမ်ဘာပေ တဦးထဲက ပွဲချိန် ၁၅မိနစ်နဲ့ ၅၆မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဆိုစီဒက်အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ကွင်းလယ်လူ မာရီနိုက ပွဲချိန် ၈၉မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

ပီအက်စ်ဂျီက ဆိုစီဒက်ကို နှစ်ကျော့ပေါင်းရလဒ် ၄-၁နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ဆီ အလွယ်တကူ တက်ရောက်နိုင်ခဲ့ပြီး ပီအက်စ်ဂျီဥက္ကဌ အယ် ခါလိုင်ဖီက အမ်ဘာပေဟာ သူတို့အသင်းကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် အမ်ဘာပေရဲ့ အနာဂတ် အတွက် တိကျတဲ့ အဖြေတခုကို မပေးနိုင်သေးကြောင်း ဆိုလာပါတယ်။

အယ် ခါလိုင်ဖီက – “ကျွန်တော်က အမ်ဘာပေဟာ အသင်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းကို အတည်မပြုပေးနိုင်သေးပါဘူး။ လောလောဆယ်တော့ အမ်ဘာပေက အသင်းနဲ့ စာချုပ်သက်တမ်း ကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမြဲတမ်း အနာဂတ်အတွက် ကြိုတင် စဉ်းစားမှုတွေ လုပ်ထားရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။

ပီအက်စ်ဂျီရဲ့ အသင်းပိုင်ရှင် ၊ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အမ်ဘာပေတို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အတူတူ ညစာစားခဲ့တာကြောင့်  အဆိုပါ ညစာစားပွဲ အပြီးမှာ အမ်ဘာပေဟာ သူ့ရဲ့ အသင်းပြောင်းမယ့် ဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့သလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။