ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလာနဲ့ ဆွန်ဟောင်မင်တို့ကို ခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။

အယ်လ်အစ်တီဟတ်အသင်းက လက်ရှိမှာ ဘာလွန်းဒေါဆုရှင်ဟောင်း ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာအပြင် နာမည်ကြီး ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကန်တေနဲ့ ဖာဘင်ဟိုတို့ကိုပါ ခေါ်ယူထားတဲ့ ဆော်ဒီထိပ်သီးကလပ်လည်း ဖြစ်ပါတယ်။

Photo Credit : Opta Analyst

ဒါပေမယ့် လတ်တလောမှာတော့ တိုက်စစ်မှူး ဘန်ဇီမာရဲ့ အနာဂတ်က မရေမရာ ဖြစ်လို့နေရပြီး အသင်းကနေ ထွက်ခွာသွားချင်သလို ဖြစ်နေတာကြောင့်မို့ ဘန်ဇီမာနေရာမှာ နောက်ထပ် ထိပ်တန်း တိုက်စစ်ကစားသမားတွေနဲ့ ပြန်လည် အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်ရဲ့ main target player ကတော့ မိုဆာလာဖြစ်ပြီး မနှစ်က နွေရာသီမှာကတည်းက ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုအထိလည်း ဆာလာကို ဆက်လက် အလိုရှိနေဆဲ ဖြစ်သလို လာမယ့်နွေမှာ ထပ်မံ ကြိုးပမ်းလာနိုင်ပါတယ်။

Photo Credit : talkSPORT

ဒါ့အပြင် အယ်လ်အစ်တီဟတ်အသင်းက ဆာလာနဲ့အတူ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ပူးတွဲပိုင်ဆိုင်ခဲ့တဲ့ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကိုပါ ခေါ်ယူသွားချင်နေပါတယ်။

ဆွန်ကလည်း ဆော်ဒီကလပ်တွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်ခဲ့ဖူးပေမယ့် စပါးအသင်းနဲ့သာ ကစားသမားဘဝကို ဖြတ်သန်းဖို့အတွက် ဆော်ဒီရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ဖူးပါတယ်။ ဒါကြောင့် အယ်လ်အစ်တီဟတ်အနေနဲ့ ဆွန်ကို ခေါ်ယူဖို့အတွက် ခက်ခဲနိုင်ပြီး ဆာလာကတော့ ယာဂင် ကလော့ပ် မရှိတော့မယ့် လီဗာပူးလ်အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။