ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ အယ်လ်အစ်တီဟတ်အသင်းကတော့ လာမယ့်နွေရာသီမှာ မန်ချက်စတာ စီးတီး ဂိုးသမား အီဒါဆန်ကို ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ ၂၀၂၃ နွေရာသီမှာ ကာရန် ဘန်ဇီမာ ၊ အန်ဂိုလို ကန်တေ ၊ ဖာဘင်ဟို ၊ ဂျိုတာ အစရှိတဲ့ ဥရောပထိပ်သီး ကစားသမားကောင်းတွေကို ခေါ်ယူဖြည့်တင်းခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့်လည်း အယ်လ်အစ်တီဟတ်က ဒီရာသီ ဆော်ဒီအမှတ်ပေးလိဂ်မှာ အဆင့်(၅)နေရာသာ ရပ်တည်ထားနိုင်ခဲ့ပြီး တခြားသော ဆော်ဒီ အင်အားကြီး ကလပ်တွေဖြစ်တဲ့ အယ်လ်နာဆာ ၊ အယ်လ်ဟီလာ ၊ အယ်လ်အာလီတို့ရဲ့ နောက်မှာသာ ရှိနေရပါတယ်။ ဒါကြောင့် လာမယ့်နွေမှာ အသင်းအတွက် ထိပ်တန်း ကစားသမားတွေကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အယ်လ်အစ်တီဟတ်က အသင်းရဲ့ ဂိုးပေါက်အတွက် မန်စီးတီးမှာ အနာဂတ် မရေမရာ ဖြစ်လာတဲ့ ဘရာဇီးလ် ဂိုးသမား အီဒါဆန်ကို ပစ်မှတ်ထားလျက် ရှိနေပြီး လာမယ့်နွေမှာပဲ အရ ခေါ်ယူသွားဖို့ ပြင်ဆင်လို့နေပါတယ်။ လက်ရှိမှာ အသက်(၃၀)အရွယ် ရှိပြီဖြစ်တဲ့ အီဒါဆန်ဟာ ၂၀၁၇ခုနှစ်ကတည်းက ဘင်ဖီကာကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် မန်စီးတီးအတွက် ပွဲပေါင်း (၃၃၂)ပွဲအထိတောင် ကစားထားနိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : The Independent

ပရီးမီးယားလိဂ်မှာ ရွှေလက်အိတ်ဆုကို (၃)ရာသီဆက်တိုက်အထိ ရယူထားနိုင်ဖူးတဲ့ အီဒါဆန်ဟာ စပါးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးရင်း စပါးနောက်ခံလူ ရိုမဲရိုးနဲ့ ထိခိုက်မိရာကနေ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးအထိ ကြုံတွေ့ခဲ့ရတာကြောင့် ဆေးကုသမှု ခံယူပြီးချိန်မှာ နည်းပြ ဂွာဒီယိုလာက အီဒါဆန်ကို အရန်ဂိုးသမား အော်တီဂါနဲ့ကို လူစားလဲခဲ့ပါတယ်။ အီဒါဆန်က ဒီအခြေအနေကို မကျေနပ်လို့ ဂွာဒီယိုုလာနဲ့ အချေအတင် ဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာသွားဖို့ပါ စဉ်းစားလာခဲ့ပါတယ်။

ဂွာဒီယိုလာကလည်း သူနဲ့ အဆင်မပြေတဲ့ ကစားသမားဆိုရင် ဘယ်လောက်ပဲကောင်းကောင်း အသင်းကနေ ထုတ်ရောင်းတက်တဲ့ သာဓကတွေလည်း ရှိနေတက်ပြီး အခုလည်း အီဒါဆန်သာ ထွက်ခွာချင်မယ်ဆိုရင် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ ရှိနေပါတယ်။ ဒီအခြေအနေကိုလည်း အယ်လ်အစ်တီဟတ်က စောင့်ကြည့်လို့နေပြီး အီဒါဆန်သာ အရောင်းစာရင်း အတင်ခံရမယ်ဆိုရင်တော့ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်လည်း ရှိနေပါတယ်။