ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် လာမယ့် နွေဈေးကွက်မှာ နောက်ထပ်တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အယ် ဟီလယ်က ဆော်ဒီလိဂ်ရဲ့ အကောင်းဆုံးအသင်း ၃သင်း စာရင်းထဲမှာ ပါဝင်နေတဲ့ အသင်း ဖြစ်သလို ဒီရာသီမှာ အမှတ်ပေးရှုံးပွဲ တပွဲမှ မရှိသေးပဲ ၁၉ပွဲ ကစားထားရာမှာ ၁၇ပွဲ အထိ အနိုင်ရခဲ့ပြီး ၂ပွဲသာ သရေကျထားကာ ရမှတ် ၅၃မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

Photo Credit: Bein Sports

အယ် ဟီလယ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မော်ရိုကိုကြယ်ပွင့် ဘိုနို ၊ ဘရာဇီးလ်ကြယ်ပွင့်တွေ ဖြစ်တဲ့ နေမာ ၊ လိုဒီနဲ့ မိုင်ကွန် ၊ ဆားဘီးယားကြယ်ပွင့်တွေ ဖြစ်တဲ့ ဆာဗစ်နဲ့ မီထရိုဗစ် ၊ ပေါ်တူဂီကြယ်ပွင့် ရူဘင် နီဗက်စ် ၊ ဆီနီဂေါကြယ်ပွင့် ကူလီဘလီ စတဲ့ ထိပ်တန်း ကစားသမား ၈ဦး အထိ သူတို့အသင်းဆီ ခေါ်ယူနိုင်ခဲ့ပါတယ်။

အယ် ဟီလယ်ရဲ့ တာဝန်ရှိသူတွေက ထိပ်တန်းကစားသမား ၈ဦး အထိ ခေါ်ယူပြီးချိန်မှာတောင် သူတို့အသင်းရဲ့ ကစားသမား အင်အားကို သဘောမကျသေးတာကြောင့် ဘရူနို ဖာနန်ဒက်စ် အပါအဝင် ထိပ်တန်း ကစားသမား အများအပြားကို ထပ်ခေါ်ဖို့ အစီအစဉ် ဆွဲနေပါတယ်။

Photo Credit: Euro Sports

နာမည်ကြီး ပေါ်တူဂီအခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Recordရဲ့ ဖော်ပြချက်အရ အယ် ဟီလယ်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဘရူနိုရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပေမယ့် ဘရူနိုက အယ် ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ဘရူနို ဖာနန်ဒက်စ်ဟာ အယ် ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်းအား ထပ်ဆင့် အတည်ပြုပေးခဲ့သလို အယ် ဟီလယ်က ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ လက်မလျော့သေးတာကြောင့် လာမယ့် နွေဈေးကွက်မှာ မက်လောက်စရာ ကမ်းလှမ်းမှုမျိုးနဲ့ ဘရူနို ဖာနန်ဒက်စ်ကို ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ဖော်ပြထားပါတယ်။