မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာရဲ့ ပေါင်သန်း(၂၀၀)တန် မက်မောလောက်စရာ ကမ်းလှမ်းမှုကို လက်ခံမလားဆိုတာ လာမယ့်အပတ် နောက်ဆုံးထား ဆုံးဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

အယ်လ်ဟီလာကတော့ မေလကုန်မှာ အဖြေသိချင်နေပြီး ဖာနန်ဒက်စ်ကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလာအောင် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။ သူတို့အနေနဲ့ ဖာနန်ဒက်စ်အတွက် တစ်ပတ်လုပ်ခ ပေါင်(၇၀၀၀၀၀) နဲ့ စာချုပ်ချုပ်ဆိုကြေး ဘောနပ်စ်တွေအပါအဝင် တစ်ရာသီကို ပေါင်(၆၅)သန်းအထိ ရရှိမယ့် (၃)နှစ်စာချုပ်ကို လက်ခံမယ်ဆိုရင် ယူနိုက်တက်ကို ပေါင်သန်း(၁၀၀)လောက် ပြောင်းရွှေ့ကြေး ပေးဖို့ အသင့်ရှိနေပါတယ်။

Photo Credit : Goal

ယူနိုက်တက် သတင်းရင်းမြစ်တွေကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်နဲ့ အကောင်းဆုံး ကစားသမားကို မရောင်းချင်ဘူးလို့ ထပ်လောင်းပြောဆိုပေမယ့် ဗုဒ္ဓဟူးနေ့က ယူရိုပါလိဂ် ဖိုင်နယ်မှာ စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ငွေ ပေါင်သန်း(၁၀၀) ဆုံးရှုံးခဲ့ရပြီးနောက် အသင်းဟာ ငွေကြေးဖိအား ပိုများလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ကလည်း ပွဲအပြီးမှာ သူတို့အသင်းရဲ့ ဘဏ္ဍာရေးကို ပြန်လည်မျှတအောင် သူ့အနေနဲ့ ရောင်းချခံရနိုင်ခြေရှိကြောင်း ဝန်ခံခဲ့ပါတယ်။ “အသင်းက ငွေလိုလို့ လမ်းခွဲဖို့ အချိန်တန်ပြီလို့ ယူဆရင်တော့ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ။” လို့ ဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။

အယ်လ်ဟီလာကတော့ လာမယ့်လမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားအတွက် နာမည်ကြီး ကစားသမားတစ်ဦးကို အချိန်မီ ခေါ်ယူချင်နေပါတယ်။ သူတို့အနေနဲ့ ဖာနန်ဒက်စ်ကို နောက်ဆုံး ကမ်းလှမ်းချက် ပေးဖို့ ရက်အနည်းငယ်အတွင်းမှာပဲ ရှိတော့ပြီး တခြား ပစ်မှတ်တွေဆီ မလှည့်ခင် (၇၂)နာရီသာ အဖြေပေးဖို့ အချိန်ပေးလိမ့်မယ်လို့ သိရပါတယ်။

Photo Credit : SPORTbible

အသက်(၃၀)အရွယ် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ပျော်ရွှင်နေပေမယ့် ဥရောပပြိုင်ပွဲတွေကနေ တစ်ရာသီလွဲချော်ရမယ့် အခြေအနေမှာ လုပ်ခ (၂၅)ရာခိုင်နှုန်း လျှော့ချခံရမှာ ဖြစ်သလို နဲ့ နည်းပြအမော်ရင်လက်အောက်မှာ အသင်းက မြန်မြန်ဆန်ဆန် တိုးတက်လာမလားဆိုတာ အာမခံချက်မရှိတာတွေက သူ့ကို ဒီငွေကြေးအမြောက်အမြား စာချုပ်ကို လက်ခံဖို့ ဆွဲဆောင်လာနိုင်ပါတယ်။ နောက်ပြီး ဖာနန်ဒက်စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ သူ့ရဲ့နေရာကို ဆက်လက် ထိန်းထားနိုင်ဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တဲ့ ခရစ်စတီယာနို ရော်နယ်ဒိုလိုပဲ ဖြစ်နိုင်ပါတယ်။

ဒီအခြေအနေဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့ ရာသီအပြီးမှာ ယူနိုက်တက် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မရတဲ့အတွက် စပွန်ဆာ Adidasကို ပေါင်(၁၀)သန်း ဒဏ်ကြေး ပေးရဦးမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ရာသီအပြီး အဆင့်(၁၇) ဒါမဟုတ် အဆင့်(၁၇)နေရာ ရပ်တည်ရတာကြောင့် Premier League merit payments အဆင့်အလိုက်ရရှိတဲ့ ဝင်ငွေတွေကနေလည်း သန်းပေါင်းများစွာ ဆုံးရှုံးရဦးမှာပါ။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ အသင်းကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ကစားသမားတိုင်းနီးပါးကို သင့်လျော်တဲ့ဈေးနှုန်းရရင် ရောင်းချဖို့ အသင့်ရှိနေပါတယ်။