ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းဟာ နာပိုလီအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့အတွက် အရင်ကမ်းလှမ်းမှုထက် အဆပေါင်းများစွာ သာလွန်တဲ့ မဟာကမ်းလှမ်းမှုကြီးတစ်ခုနဲ့ နောက်တစ်ကြိမ် ချဉ်းကပ်လာပြန်ပါပြီ။

ဒီကမ်းလှမ်းမှုကြောင့် အိုဆီမန်ကို ခေါ်ယူဖို့ နာပိုလီနဲ့ သဘောတူညီမှု ရထားပြီလို့ ဆိုထားတဲ့ တူရကီကလပ် ဂါလာတာစာရေးတို့ရဲ့ အပြောင်းအရွှေ့ကိစ္စက ရပ်တန့်သွားခဲ့ပြီး သူတို့ဟာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ တိုက်စစ်မှူးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရပါတယ်။

Photo Credit : Goal

အီတလီအခြေစိုက် Corriere dello Sport သတင်းစာရဲ့ ဖော်ပြချက်အရ အယ်လ်ဟီလာအသင်းက နိုင်ဂျီးရီးယား အိုဆီမန်ကို တစ်နှစ်လစာ ယူရို သန်း ၄၀ နဲ့ သုံးနှစ်စာချုပ် ကမ်းလှမ်းခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်းပြည့်ရင် အိုဆီမန်အနေနဲ့ ယူရို သန်း ၁၆၀ အထိ ရရှိမှာဖြစ်ပြီး ဒီကမ်းလှမ်းမှုက သူ့ကို ကမ္ဘာ့လစာအကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦး ဖြစ်လာစေမှာပါ။

နာပိုလီအသင်းဘက်ကတော့ အိုဆီမန်ရဲ့ စာချုပ်ပါ ပြည်ပကလပ်များအတွက် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းကို အပြည့်အဝပေးချေတဲ့ ဘယ်အသင်းကိုမဆို သူ့ကို ရောင်းချသွားဖို့ အသင့်ပါပဲ။ အိုဆီမန်ရဲ့ အနာဂတ် အခြေအနေကတော့ လက်ရှိအချိန်ထိ ဘာမှ မသေချာသေးဘဲ အရင်တစ်ခေါက်က အယ်လီလာ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပေမယ့် ထပ်မံ ကမ်းလှမ်းမှုကြီးကြောင့် ဆွေးနွေးမှုတွေ ရှိလာနိုင်ပါတယ်။

Photo Credit : ESPN

နာပိုလီအသင်းကလည်း သူ့ကိုရောင်းချပြီး ရလာတဲ့ငွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့နဲ့ လစာဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့အတွက် အရောင်းအဝယ်ကို အမြန်ဆုံး အပြီးသတ်ချင်နေပါတယ်။ တစ်ဖက်မှာလည်း နာပိုလီနဲ့ သဘောတူညီမှုရထားပြီလို့ ဆိုတဲ့ ဂါလာတာစာရေးကတော့ အခုလို ကြန့်ကြာနေတာတွေကြောင့် သူတို့ရဲ့ နွေရာသီ အစီအစဉ်တွေ ထိခိုက်မှာကို စိတ်ပျက်နေကြပြီး တိုက်စစ်မှူးရဲ့ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။

သူ့ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ အိုဆီမန်က လိမ္မာပါးနပ်စွာပဲ တိတိကျကျမဖြေကြားခဲ့ပါဘူး။ “အခုလောလောဆယ်တော့ ကျွန်တော် အားလပ်ရက်မှာပဲ အာရုံစိုက်ထားပါတယ်။ အနားယူနေပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။” လို့ YouTube ချန်နယ်တစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။