ဖူလ်ဟမ်အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့ ဆာဘီးယား တိုက်စစ်မှူး အလက်ဆန်းဒါး မီထရိုဗစ်က သူရဲ့ကလပ်အသင်းသစ် အယ်လ်ဟီလာဟာ ရီးယဲလ်မက်ဒရစ်လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးနဲ့ ဆင်တူတယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

အယ်လ်ဟီလာအသင်းက ဒီနွေမှာ ကစားသမားသစ်တွေ အမြောက်အများ ခေါ်ယူထားပြီး နေမာ ဘိုနို မယ်လ်ကွန် မီလင်ကိုဗစ်ဆာဗစ် နေးဗက်စ် ကူလီဘလီတို့အပြင် ဆာဘီးယား လက်ရွေးစင် တိုက်စစ်မှူး မီထရိုဗစ်ကိုလည်း ခေါ်ယူထားခဲ့ပါသေးတယ်။

Photo Credit : The National

လက်ရှိ ဆော်ဒီပရိုလိဂ်က ကလပ်အသင်းတွေထဲမှာ ကစားသမားအင်အား အတောင့်တင်းဆုံး ဖြစ်နေတဲ့အပြင် အမှတ်ပေးဇယားထိပ်မှာပါ ရပ်တည်နေတဲ့ အယ်လ်ဟီလာအသင်းက ဥရောပရဲ့ ထိပ်တန်းကလပ် ရီးယဲလ်မက်ဒရစ် အသင်းလိုပဲလို့ မီထရိုဗစ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော် အင်္ဂလန်မြေကို လွမ်းဆွတ်နေစရာ မရှိပါဘူး။ ကျွန်တော်က အဲ့ဒီမှာ နှစ်ပေါင်းများစွာ ကစားခဲ့ပြီးပါပြီ။ နောက်ဆုံးတော့ ထိပ်တန်းကလပ်အသင်း တစ်သင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာရတဲ့အတွက် ပျော်ရွှင်မိပါတယ်။”

Photo Credit : Twitter

“အယ်လ်ဟီလာအသင်းက ဥရောပမှာဆိုရင် ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေတယ်။ ဒီမှာ ကြီးကျယ် ခမ်းနားတဲ့ အရာတွေ လုပ်ဆောင်ပြပြီး ဒီအသင်းနဲ့အတူ ဆုဖလားတွေကို ရယူသွားချင်ပါတယ်။” လို့ မီထရိုဗစ်က ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ မီထရိုဗစ်က အယ်လ်ဟီလာအသင်းအတွက် ဆော်ဒီလိဂ် (၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၅)ဂိုး သွင်းယူထားနိုင်ခဲ့သလို လက်ရှိ ဆော်ဒီလိဂ် ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာလည်း အယ်လ်ဟီလာ ကစားသမားဘဝ ပထမဆုံးသော ဟက်ထရစ်ကိုပါ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။