နောက်ဆုံးရရှိထားသော အပြောင်းအရွှေ့သတင်းများအရ ဆော်ဒီကလပ် အယ်လ်ဟီလာလ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ခေါ်ယူဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ကလပ်အသင်းနှစ်သင်းကြားမှာတော့ အပြောင်းအရွှေ့အတွက် နှုတ်နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကလပ်အသင်းအချင်းချင်း သဘောတူညီမှု ရရှိပြီးဖြစ်တဲ့အတွက် အယ်လ်ဟီလာလ်အသင်းဟာ ဒါဝင် နူနက်ဇ်နဲ့ တစ်ဦးချင်း သဘောတူညီမှုများဖြစ်တဲ့ လစာ၊ စာချုပ်သက်တမ်း စတဲ့ အချက်တွေအတွက် တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အယ်လ်ဟီလာလ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီ အင်ဇာဂီကိုယ်တိုင်က ဥရုဂွေးတိုက်စစ်မှူးကို ခေါ်ယူဖို့ အဓိကနေရာကနေ ပါဝင်နေသူဖြစ်ကြောင်းလည်း သိရပါတယ်။
Photo Credit : Goal
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်းအတွက် ငွေကြေးအများအပြား သုံးစွဲထားပြီးဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဟူဂို အီကီတီကေးကို ပေါင်(၇၉)သန်းဖြင့် ခေါ်ယူထားသလို နယူးကာဆယ်ကြယ်ပွင့် အလက်ဇန်းဒါး အီဆက်ခ်ကိုလည်း ပေါင်သန်း(၁၁၀)ကျော်နဲ့ ကမ်းလှမ်းထားပါသေးတယ်။
ဒါကြောင့် ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့နဲ့ ကစားသမားသစ်တွေအတွက် ရန်ပုံငွေ ပြန်လည်ရှာဖွေနိုင်ဖို့အတွက် ဒါဝင် နူနက်ဇ်ကို ရောင်းချခြင်းက လီဗာပူးလ်အသင်းအတွက် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
Photo Credit : Rousing The Kop
ကလပ်အသင်းနှစ်သင်းကြားမှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိထားပြီဖြစ်ပေမယ့် ဒီအပြောင်းအရွှေ့ အထမြောက် မမြောက်ကတော့ ကစားသမားဖြစ်သူ ဒါဝင် နူနက်ဇ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ သူ သဘောတူညီမလားဆိုတာကိုတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ အဖြေသိရဖွယ် ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကစားသမား ရောင်းချမှုတွေအတွက် ဦးစားပေး လုပ်ဆောင်နေပြီး ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချခဲ့သလို အင်္ဂလန် ယူ-၂၁ ကွင်းလယ်ခံစစ်ကစားသမားလေး တိုင်လာ မော်တန်ကိုလည်း လိုင်ယွန်အသင်းထံ ရောင်းထုတ်ခဲ့ပါသေးတယ်။