ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အာလီအသင်းဟာ စီးရီးအေ ထိပ်သီးကလပ် နာပိုလီအသင်းဆီ ရောက်ရှိလုနီးပါး ဖြစ်နေတဲ့ ဆယ်လ်တာဗီဂိုရဲ့ စပိန် ကြယ်ပွင့် ကစားသမားလေး ဂါဘရီ ဗီဂါကို ကြားဖြတ် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

အယ်လ် အာလီအသင်းဟာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ ကောဟာလသတင်းတွေ လုံးဝ ထွက်ထားခြင်း မရှိတဲ့ ဗီဂါကို အလျင်အမြန် ကမ်းလှမ်းခဲ့ရာ အခုဆိုရင် ဆယ်လ်တာဗီဂိုနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှုတွေ အသီးသီး ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Football Espana

ဒီနွေမှာ ဖာမီနို မာရက်ဇ် စိန့်မက်ဆီမန် ကတ်ဆီး ဒီမီရယ်လ် မန်ဒီ အီဘာနက်ဇ် အစရှိတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူ အားဖြည့်ထားခဲ့တဲ့ အယ်လ် အာလီအသင်းဟာလည်း အခုလည်း အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ အရည်အသွေးမြင့် စပိန် ကစားသမားလေးကိုပါ ထပ်မံ ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီး နာပိုလီအသင်းတွေရဲ့ ပစ်မှတ်ဖြစ်ပြီး နာပိုလီအသင်းနဲ့ here we go ထိ ဖြစ်ထားသေးတဲ့ ဗီဂါဟာ နာပိုလီဆီ ပြောင်းရွှေ့ဖို့ ကြန့်ကြာမှုတွေ ရှိနေရာကနေ အခုလို အယ်လ် အာလီအသင်းနဲ့ ရုတ်တရက် အပြောင်းအရွှေ့ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : TEAMtalk

အယ်လ် အာလီအတွက်တော့ ဗီဂါလို အသက်အရွယ်အားဖြင့်ရော အရည်အသွေးအားဖြင့်ပါ အလားအလာကောင်းတွေ ပိုင်ဆိုင်နေတဲ့ ကစားသမားလေးတစ်ဦးကို အခုလို ရရှိလိုက်တာက သူတို့အသင်းအတွက် အတော်လေး အကျိုးရှိသွားစေခဲ့ပါတယ်။

လက်ရှိမှာလည်း အယ်လ် အာလီအသင်းက ဆော်ဒီ ပရိုလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲတွေ ဆက်နေရပြီး ဆော်ဒီ အမှတ်ပေး ချန်ပီယံဆုကိုပါ စိန်ခေါ်လာနိုင်တဲ့ အခြေအနေပါ ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။