နယ်သာလန် ထိပ်သီးကလပ် အေဂျက်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းအတွက် နည်းပြသစ် တဦး ခန့်အပ်ဖို့ စီစဉ်ထားရာ အင်္ဂလန် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်း တန်ဟက်ဂ်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း နယ်သာလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

အေဂျက်က တန်ဟက်ဂ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် ရှရူဒါကို တန်ဟက်ဂ်ရဲ့ ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့ပေမယ့် ရှရူဒါရဲ့ လက်အောက်မှာ ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် ဟိုင်တင်ဂါ ၊ စတိုင်ဂျန် ၊ မာဒူရို ၊ ရှဟစ် စတဲ့ ယာယီနည်းပြ ၄ဦး ပြောင်းလဲ ခန့်အပ်ခဲ့ပေမယ့် အခုချိန်အထိ ရလဒ်ကောင်းတွေ ရယူနိုင်ခြင်း မရှိသေးပါဘူး။

အေဂျက်က ပြည်တွင်းမှာ ရလဒ်တွေ ဆိုးဝါးနေသလို အသင်းတွင်း စည်းလုံးမှုကလည်း ပျက်ပြားနေတာကြောင့် အေဂျက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းကို အောင်မြင်မှု လမ်းကြောင်းဆီ ပြန်တင်ပေးနိုင်မယ့် ထိပ်သီးနည်းပြ တဦးကို ခေါ်ယူဖို့ အစီအစဉ် ဆွဲထားပါတယ်။

Photo Credit: Goal

နာမည်ကြီး နယ်သာလန် သတင်းထောက် ဖြစ်သူ ဗာဝစ်ချ်ရဲ့ ဖော်ပြချက်အရ အေဂျက်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲတော့မယ်လို့ သတင်းကြီးနေတဲ့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ကို သူတို့အသင်းဆီ ပြန်လည် ခေါ်ယူချင်နေပြီး တန်ဟက်ဂ်ကသာ သူတို့ဆီ ပြန်ပြောင်းလာဖို့ စိတ်ကူးရှိမယ် ဆိုရင် ချက်ချင်း စာချုပ်ချုပ်ဖို့ အထိ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပြီး တန်ဟက်ဂ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို အင်္ဂလန်ရဲ့ အင်အားကြီးအသင်း ပြန်ဖြစ်လာအောင် ပျိုးထောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် INEOSက သူ့ကို တာဝန်ပေးနေသရွေ့ ယူနိုက်တက်ရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။