အေဂျက်စ်အသင်းဟာ သူတို့ရဲ့ နည်းပြဟောင်းဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ပြန်လည် ခန့်အပ်သွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ ဗြိတိန် နာမည်ကြီး သတင်းမီဒီယာဖြစ်တဲ့ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလကမှပဲ အေဂျက်စ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး အေဂျက်စ်အတွက် နယ်သာလန် အမှတ်ပေးဖလား (၃)ကြိမ် နယ်သာလန် ရှုံးထွက်ဖလား (၂)ကြိမ် ရယူပေးခဲ့သလို ချန်ပီယံလိဂ်မှာပါ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Manchester United

အေဂျက်စ်အသင်းနဲ့ (၅)ရာသီနီးပါးထိ ဖြတ်သန်းဖြစ်ခဲ့တဲ့ နည်းပြ တန်ဟက်ဂ်က ၂၀၂၂ခုနှစ်မှာပဲ အေဂျက်စ်ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီး အေဂျက်စ်ကနေလည်း သူ့တပည့်ဟောင်းတွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့ကိုပါ ခေါ်ယူခဲ့ပါသေးတယ်။

တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းကို လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရယူပေးခဲ့ပေမယ့် ဒီရာသီမှာတော့ ရုန်းကန်နေရပြီး အသင်းဘက်ကလည်း ဒီရာသီအကုန်မှာပဲ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ဖို့အထိ စီစဉ်လာခဲ့ပါတယ်။

Photo Credit : beIN SPORTS

တကယ်လို့ တန်ဟက်ဂ်အနေနဲ့ အသင်းလက်မဲ့ ဖြစ်သွားမယ်ဆိုရင်တော့ သူရဲ့အသင်းဟောင်း အေဂျက်စ်က တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ပြန်လည် ခန့်အပ်သွားချင်နေပြီး အရင်ရာထူးကို ပြန်ပေးသွားဖို့အတွက် စဉ်းစားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ယူနိုက်တက်က ဒီရာသီထဲ ခြေစွမ်းပိုင်းတွေ အားရစရာ အနေအထားမှာ ရှိမနေတာကြောင့် ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်က ရာသီအကုန်မှာပဲ နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ စီစဉ်နေပြီး ဒီပုံစံအတိုင်းသာဆို တန်ဟက်ဂ်လည်း နယ်သာလန်နဲ့ အေဂျက်စ်အသင်းဆီ ပြန်သွားရဖွယ် ရှိနေပါတယ်။