အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲနေတဲ့ မိုဟာမက် ဆာလာဟာ တံကောက်ကြော ဒဏ်ရာကြောင့် တစ်လခန့်လောက်အထိ အနားယူသွားရနိုင်တယ်လို့ ဆာလာရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် နဲ့ အီဂျစ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကစားသမားကြီးဖြစ်သူ မိုဆာလာဟာ အီဂျစ်နဲ့အတူ အာဖရိကဖလားပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်နေရင်း ဂါနာနဲ့ ပွဲစဉ်အတွင်း ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အီဂျစ်နဲ့ ပွဲတွေကိုပါ ဆက်လက် လွဲချော်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

အီဂျစ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်အရ ဆာလာဟာ တံကောက်ကြောဒဏ်ရာကြောင့် (၂)ပွဲခန့်လောက်သာ လွဲချော်ရမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း ဆာလာရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားဟာ အနည်းဆုံး (၃)ပတ်ကနေ (၄)ပတ်လောက်အထိ နားရနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“ဒဏ်ရာက နဂို ထင်ထားတာထက် ပိုပြင်းထန်နေပါတယ်။ မိုဆာလာအနေနဲ့ ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်လောက်အထိ အနားယူသွားရပါတော့မယ်။ လက်ရှိမှာ အာဖရိကဖလားပြိုင်ပွဲကို ပါဝင်ဖို့ အကောင်းဆုံး အခွင့်အရေးကတော့ သူ့အနေနဲ့ ဗြိတိန်ကို ပြန်သွားပြီး ပြန်လည်ထူထောင်ရေးကို အကြိတ်အနယ် လုပ်ဆောင်ပြီး”

Photo Credit : beIN SPORT

“သူရဲ့ကြံခိုင်မှု ပြန်ကောင်းလာတာနဲ့အမျှ အီဂျစ်အသင်းနဲ့ ပြန်လည် ပူးပေါင်းတာဟာ အကောင်းဆုံးပါပဲ” လို့ ဆာလာရဲ့ အေးဂျင့်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဆာလာရဲ့ အီဂျစ်အသင်းက အုပ်စုတွင်း နိုင်ပွဲ မရထားပေမယ့်လည်း သရေပွဲ (၃)ပွဲနဲ့ (၃)မှတ် ရရှိပြီး အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ရပါယ်။

ဆာလာအနေနဲ့ အနိမ့်ဆုံး (၃)ပတ်ခန့်လောက်အထိ အနားယူသွားရဦးမှာ ဖြစ်ပေမယ့်လည်း တကယ်လို့ အီဂျစ်က အာဖရိကဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိသွားမယ်ဆိုရင်တော့ ဆာလာအနေနဲ့ အီဂျစ်အတွက် ရသလောက် ကစားပေးဖွယ် ရှိနိုင်ပါတယ်။