ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဘွန်လဟောက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတဲ့ ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုဟာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် လီဗာပူးဆီ ပြောင်းရွှေ့ခွင့် ရရင် ပြောင်းရွှေ့ဦးမယ့် သစ္စာမရှိတဲ့ ကစားသမားလို့ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် ချန်ပီယံလိဂ် ကန်ချင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် ရဖို့ အစွမ်းကုန် ကြိုးပမ်းနေသူပါ။

Photo Credit: 90 Min

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် ရဖို့ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေကို လိုက်ပါခြင်း မရှိသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ် ၊ စီအီးအို အာနိုးလ်တို့နဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း သူဟာ အသင်းမှာ ဆက်မနေချင်တော့သလို ဖြစ်နိုင်ရင် အသင်းဘက်က သူ့ကို စာချုပ်ဖျက်သိမ်းပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

ရိုနယ်ဒိုရဲ့ သူ့အလို တခုထဲကိုသာ ကြည့်ပြီး အသင်းအပေါ် မလေးမစား လုပ်တဲ့ လုပ်ရပ်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေ သာမကပဲ ဘောလုံးပရိသတ် အများစုက သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး အဘွန်လဟောကလည်း ရိုနယ်ဒိုဟာ သစ္စာမရှိတဲ့ ကစားသမား တဦး ဖြစ်ကြောင်း ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: 90 Min

အဘွန်လဟောက – “တကယ်လို့ ရိုနယ်ဒိုက ဒီနွေမှာ လီဗာပူးဆီ ပြောင်းရွှေ့ခွင့် ရရင်တောင် ပြောင်းမယ့် လူပါ။ လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် ဖြစ်ပေမယ့် ရိုနယ်ဒိုကတော့ ချန်ပီယံလိဂ်မှာ ကန်ခွင့်ရဖို့ ဘယ်အသင်းကိုမဆို ပြောင်းရွှေ့မယ့် လူစားမျိုးပါ။ သူက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားပြီး သူ့ရဲ့ စံချိန်တွေ ၊ ဆုဖလား အောင်မြင်မှုတွေကို ထပ်တိုးချင်နေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ရိုနယ်ဒိုဟာ ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ အပေါ်မှာ သစ္စာရှိတယ်လို့ မထင်ပါဘူး” ဆိုပြီး ဝေဖန်စကား ပြောကြားသွားခဲ့တာပါ။