ဆော်ဒီပရိုလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အယ်လ်ကတ်ဆီယာအသင်းဟာ ရီးယဲလ်မက်ဒရစ်နဲ့ စပိန်ကစားသမားကြီးဖြစ်သူ ခံစစ်မှူး နာချို ဖာနန်ဒက်ဇ်ကို ခေါ်ယူခဲ့ပြီးနောက် နာချိုရဲ့ စပိန် လက်ရွေးစင် အသင်းဖော် တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။
အယ်လ်ကတ်ဆီယာအသင်းဟာ ဒီနှစ် ဘောလုံးရာသီကမှ ဆော်ဒီပရိုလိဂ်ဆီ တန်းပြန်တက်လာနိုင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ နာချိုကို အလွတ်နဲ့ ခေါ်ယူထားခဲ့သလို ယူရို-၂၀၂၄မှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ တောက်လျှောက် ပွဲထွက်ကစားထားရတဲ့ ဂိုးသမား ကတ်စတီးလ်ကို ဝုလ်ဗ်ဘတ်ကနေ ခေါ်ယူထားခဲ့ပါသေးတယ်။
Photo Credit : Sky Sports
တန်းတက်အသင်း တစ်သင်းနဲ့မတူအောင် ကစားသမား ဖြည့်တင်းမှုတွေက အားရစရာကောင်းနေတဲ့ အယ်လ်ကတ်ဆီယာဟာ အခုလည်း ရီးယဲလ် ဂျုဗင်တပ်စ် ချယ်လ်ဆီးနဲ့ အသက်လက်တီကိုအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ စပိန်တိုက်စစ်မှူး မိုရာတာကိုပါ ဆက်လက် ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ပါတယ်။
အသက် (၃၁)နှစ်အရွယ်ရှိ တိုက်စစ်မှူး မိုရာတာဟာ လက်ရှိမှာတော့ အသက်လက်တီကို မက်ဒရစ်ရဲ့ ကစားသမား ဖြစ်လို့နေပြီး အသင်းနဲ့လည်း ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသက်လက်တီကိုနဲ့အတူ လာမယ့် ဘောလုံးရာသီကို ဆက်လက် ဖြတ်သန်းသွားဖို့က မသေချာနိုင်သေးပဲ ကစားသမားကိုယ်တိုင်ကပါ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေပါတယ်။
Photo Credit : Football Italia
မိုရာတာကို အယ်လ်ကတ်ဆီယာအသင်း အပါအဝင် ဆော်ဒီကလပ် (၂)သင်းက ကမ်းလှမ်းမှုတွေ လုပ်ဆောင်လို့ထားပြီး အယ်လ်ကတ်ဆီယာရဲ့ ကမ်းလှမ်းမှုက မိုရာတာအတွက် အကောင်းဆုံး ကမ်းလှမ်းချက် ဖြစ်နေသည့်တိုင် ကစားသမားကတော့ စီးရီးအေပြိုင်ပွဲဆီ ပြန်သွားဖို့ကိုသာ စိတ်အားထက်သန်နေပါတယ်။
နောက်ပြီး မိုရာတာနဲ့ အသက်လက်တီကိုအသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ မိုရာတာရဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးဟာလည်း ယူရို (၁၂)သန်း (၁၃)သန်းလောက်သာ ရှိနေတာမို့ ဒါကို စီးရီးအေအသင်းတွေဘက်ကလည်း မျက်စိကျနိုင်တဲ့အတွက် အယ်လ်ကတ်ဆီယာအနေနဲ့ မိုရာတာကို စီးရီးအေ ကလပ်အသင်းတွေနဲ့ အပြိုင်လုရဖွယ် ရှိနိုင်ပါတယ်။