ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ သိပ်မလုပ်ဆောင်ထားရသေးတဲ့ အာဆင်နယ်အသင်းကတော့ ဘိုလော့ဂ်နာက အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူနိုင်ခဲ့ပြီဆိုတာနဲ့ ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ်လူ မီခဲလ် မယ်ရီနိုကိုပါ ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဆုဖလားတွေနဲ့ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်ဟာ လက်ရှိ နွေဈေးကွက်အတွင်းမှာလည်း ဘရန့်ဖို့ဒ်ကနေ အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာကိုသာ အပြီးသတ် ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကပစ်မှတ် ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ကိုတော့ အခုအချိန်ထိ အပြီးမသတ်နိုင်သေးပဲ ရှိနေပါတယ်။

Photo Credit : Football Transfer

ဒါပေမယ့် ကာလာဖီအိုရီကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့လည်း သဘောတူညီထားသလို အာဆင်နယ်နဲ့ ဘိုလော့ဂ်နာတို့ကြားမှာလည်း သဘောတူညီမှုက ရထားခဲ့ပြီ ဖြစ်တာကြောင့် ကာလာဖီအိုရီရဲ့ အသင်းဟောင်း ဘေဆယ်လ်နဲ့ ဘိုလော့ဂ်နာတို့ကြား sell-on clause ကိစ္စ ပြေလည်ပြီဆိုတာနဲ့ အီတလီသားက အာဆင်နယ်ဆီ ချက်ချင်း ရောက်လာတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ မာလ်ဒီနီလက်သစ် ခံစစ်ကစားသမားလေး ကာလာဖီအိုရီကို ဘယ်ခြမ်းခံစစ်မှာ အသုံးပြုသွားဖို့ ရှိနိုင်တာကြောင့် ဆာလီဘာ ဂါဘရီရယ် ဘန်ဝှိုက် ကာလာဖီအိုရီတို့ ခံစစ်အစုအဖွဲ့နဲ့ အာဆင်နယ်ရဲ့ ခံစစ်တန်းက ပြိုင်ဘက် တိုက်စစ်ကစားသမားတွေအတွက် ထိုးဖောက်ရ ခက်ခဲနိုင်မယ့် ခံစစ်တန်းပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : The Telegraph

အာဆင်နယ်အနေနဲ့ ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ပြီ ဆိုတာနဲ့ ကွင်းလယ်ပိုင်းအတွက် အလျင်အမြန် လှုပ်ရှားသွားဖို့ ရှိနေပြီး လက်ရှိမှာတော့ ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းရဲ့ ကွင်းလယ်ကစားသမား မယ်ရီနိုကို မျက်စိကျလို့နေပါတယ်။

အသက် (၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပိန် ကွင်းလယ်လူ မယ်ရီနိုဟာ ဒေါ့မွန်နဲ့ နယူးကာဆယ်တို့မှာပါ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ဆိုစီဒက်အသင်းမှာတော့ ၂၀၁၈ခုနှစ်ကတည်းက လက်ရှိအချ်ိန်ထိ ပါဝင်နေသူလည်း ဖြစ်ပါတယ်။ မယ်ရီနိုဟာ ဆိုစီဒက်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်သလို ယူရို-၂၀၂၄မှာလည်း စပိန်အတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး သူ့ကို အာဆင်နယ်နဲ့အပြိုင် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပါတယ်။