၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂါနာအသင်းရဲ့ နည်းပြချုပ် ဖြစ်သူ အော့တို အက်ဒိုက ယမန်နေ့ညမှာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲ အဖြစ် အုပ်စုတွင်း အင်အားအကြီးဆုံးအသင်း ဖြစ်တဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင် ကစားခဲ့ရာမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် ပေါ်တူဂီ ရသွားတဲ့ ပင်နယ်တီဟာ ဒိုင်ကူပင်နယ်တီ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဂါနာက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ပေါ်တူဂီ ၊ ဥရုဂွေး ၊ တောင်ကိုရီးယား စတဲ့ အသင်းကြီးတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်ခွင့် ရအောင် ကြိုးစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Reuters

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၃-၂ ဂါနာ ပွဲစဉ်မှာလည်း ဂါနာက သူတို့အသင်းရဲ့ မာကျောတဲ့ ကစားဟန်ကို ထုတ်ပြနိုင်ခဲ့ပြီး တဖက် တဂိုးစီ သရေကျနေချိန်မှာ ကစားသမားတွေရဲ့ အနိုင်ဂိုး သွင်းယူလိုစိတ်ကြောင့် ပေါ်တူဂီရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်နိုင်စွမ်း နည်းပါးခဲ့တာကြောင့်သာ ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရကာ ယခုလိုမျိုး ရှုံးနိမ့်ခဲ့ရတာပါ။

အဆိုပါပွဲမှာ ပြောစရာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်ကတော့ ပေါ်တူဂီရဲ့ အဖွင့်ဂိုး ဖြစ်တဲ့ ရိုနယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုး ဖြစ်ပြီး ဂါနာ နောက်ခံလူ ဆာလီဆူက ဂိုးဧရိယာ အတွင်းမှာ ဘောလုံးကို အမိအရ ရှင်းထုတ်နိုင်ခဲ့ပေမယ့် ဘောလုံးကို အနည်းငယ် လက်ဦးသွားတဲ့ ရိုနယ်ဒိုကို ထိမိသလို ဖြစ်သွားတာကြောင့် ဂါနာတို့ ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ကာ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေနဲ့ နာမည်ကြီး ဘောလုံးသမားဟောင်းတွေက အဆိုပါ ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

Photo Credit: Reuters

ဂါနာနည်းပြ အော့တို အက်ဒိုကလည်း ရိုနယ်ဒိုရဲ့ ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ တခု ဖြစ်ပြီး ဒီပင်နယ်တီဖြစ်ရပ်မှာ VARဒိုင်က ဘာလုပ်နေခဲ့လဲလို့ ပွဲအပြီးမှာ မေးခွန်းထုတ်သွားခဲ့ပါတယ်။ အော့တို အက်ဒိုက – “ပင်နယ်တီနဲ့ ပတ်သတ်ရင် ခင်ဗျားတို့က ကွင်းလယ်ဒိုင်ကို သွားမေးသင့်ပါတယ်။ ကျွန်တော့်မှာ ဒီပင်နယ်တီကို ဘာကြောင့် မပေးသင့်တာလဲ ဆိုတာကို သက်သေပြနိုင်တဲ့ သက်သေတွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့် ကစားသမားက ဘောလုံးကိုပဲ အာရုံစိုက်ပြီး ကစားသွားခဲ့တာပါ။ အဲ့ဒီမှာ သူက ရိုနယ်ဒိုကိုလည်း ထိမိလိုက်ရော ချက်ချင်း ပင်နယ်တီ ပေးလိုက်ရပါတယ်။ ဒီဖြစ်ရပ်မှာ VARဒိုင်တွေ ဘာလုပ်နေတာလဲ။ ဘာကြောင့် VARဒိုင်က ဒီဖြစ်ရပ်ကို ပြန်စစ်ဆေးဖို့ မကြိုးစားတာလား။ ဒါလေးတွေတော့ မေးချင်ပါတယ်။ ပင်နယ်တီ ပေးလိုက်ရတဲ့ ဖြစ်ရပ်က တကယ်ကို ကြောင်တောင်တောင် နိုင်လွန်းပါတယ်။ ခင်ဗျားတို့တွေ Replayကို ပြန်ကြည့်လိုက်ရင် ကျွန်တော့် ကစားသမားက ဘောလုံးကို ထိမိခဲ့တာပါ။ အဲ့ဒီ ပင်နယ်တီ ဆုံးဖြတ်ချက်က ဘက်လိုက်လွန်းတဲ့ ဆုံးဖြတ်ချက်ပါ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။