အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်က ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရယူနိုင်ခြင်း မရှိတာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ် ပီအိုလီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၅၈နှစ် အရွယ် အီတလီလူမျိုး နည်းပြချုပ် ပီအိုလီက ၂၀၁၉ခုနှစ်မှ စတင်ကာ အေစီမီလန်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အေစီမီလန် အတွက် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ပီအိုလီက အေစီမီလန်ကို ၅နှစ်ကြာ ကိုင်တွယ်ခဲ့ရာ အသင်းအတွက် ဆုဖလား တလုံး ရယူပေးနိုင်ခဲ့သလို နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက ပီအိုလီရဲ့ လက်အောက်မှာ အသင်းက မျှော်လင့်ထားသလောက် မတိုးတက်လာဘူးလို့ ယူဆနေပါတယ်။

ဒါကြောင့်ပဲ အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက စီးရီးအေချန်ပီယံဆုကို ရယူဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားဆီ ရောက်ရှိပြီးနောက် ပီအိုလီကို ရာထူးကနေ ထုတ်ပယ်သင့် ၊ မသင့် အစည်းအဝေး လုပ်ကာ ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးမှာ ဘုတ်အဖွဲ့ဝင် အများစုက နည်းပြအပြောင်းအလဲ လုပ်သင့်ကြောင်း ဆွေးနွေး တင်ပြခဲ့ကြပါတယ်။

Photo Credit: Samper Milan

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှာ ပီအိုလီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကာ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပီအိုလီအား အသိပေးတော့မယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ အေစီမီလန်က ပီအိုလီရဲ့ နေရာအတွက် ဘယ်သူ့ကို ခေါ်ယူ ခန့်အပ်မလဲ ဆိုတာ မသိရသေးပေမယ့် ဘိုလော့ဂ်နာနည်းပြ သီယာဂို မော့တာ ၊ ဂျူဗင်တပ်နဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီ စတဲ့ နည်းပြတွေကတော့ အေစီမီလန်ရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။