အေစီမီလန်အသင်းကတော့ ဆန်ဒရို တိုနာလီကို နယူးကာဆယ်အသင်းဆီ ရောင်းချအပြီး ချယ်လ်ဆီး ကွင်းလယ်လူ လော့တပ်ဖ်ချိကို ပြန်လည် ခေါ်ယူထားသလို အခုလည်း ချယ်လ်ဆီးရဲ့ အမေရိကန် တိုက်စစ် ကစားသမား ခရစ္စတီယန် ပူလီဆစ် နဲ့ ဝုလ်ဗ် တောင်ပံကစားသမား အဒါမာ ထရာအိုရေးတို့ကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။

Image

Photo Credit : Fabrizio Romano

အေစီမီလန်က နောက်ပိုင်းနှစ်တွေအတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေကို တောက်လျှောက် ခေါ်ယူလျက် ရှိနေပြီး ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူး နဲ့ ခံစစ် ကစားသမား တိုမော်ရီတို့ကို ခေါ်ယူထားသလို အခုလည်း ကွင်းလယ်လူ ရူဘင် လော့တပ်ဖ်ချိကိုပါ ထပ် ခေါ်ယူထားခဲ့ပါတယ်။ ဒါနဲ့တင် သူတို့ ခေါ်ယူမှုက အဆုံးမသတ်နိုင်သေးပဲ ချယ်လ်ဆီး နဲ့ ဒီနွေမှာပဲ လက်တွဲဖြုတ်ရဖွယ် ရှိနေတဲ့ ပူလီဆစ်ကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပါတယ်။

Image

Photo Credit : Transfer News Live

လက်ရှိမှာ လော့တပ်ဖ်ချိရဲ့ အပြောင်းအရွှေ့အပြီး ပူလီဆစ်ရဲ့ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီး နဲ့ အေစီမီလန်တို့ကြား ဆက်လက် ညှိနှိုင်းနေဆဲဖြစ်ပြီး ပူလီဆစ်ကတော့ မီလန်ဆီ ပြောင်းရွှေ့ချင်နေပေမယ့် ချယ်လ်ဆီးဘက်က တောင်းဆိုထားတဲ့ ပူလီဆစ် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းကို မီလန်က မပေးချေချင်တာကြောင့် ညှိနှိုင်းမှုက ပိုမို လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Image

Photo Credit : Transfer News Live

ဒါ့အပြင် ဒီဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး အသုံးပြုစရာ မလိုအပ်ပဲ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ဘာစီလိုနာ နဲ့ ဝုလ်ဗ် ကစားသမားဟောင်း ထရာအိုရေးကိုလည်း မီလန်ဘက်က စိတ်ဝင်စားနေပြီး ထရာအိုရေးရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ဆက်သွယ်ထားတယ်လို့ သတင်းထွက်ပေါ်လို့ နေပါတယ်။ ထရာအိုရေးကို မီလန်နည်းပြ ပီအိုလီကိုယ်တိုင် သဘောကျနေတာဖြစ်ပြီး အသင်းရဲ့ တောင်ပံတိုက်စစ်နေရာအတွက် အကောင်းဆုံး အသုံးပြုသွားနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။