ပူပူနွေးနွေး အီတလီ စီးရီးအေ ချန်ပီယံ အေစီမီလန်ကတော့ လာမယ့် ဘောလုံးရာသီမှာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်နိုင်ဖို့ အတွက် လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေရာ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးရဲ့ တောင်ပံကစားသမား ဇီရက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အေစီမီလန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ စီးရီးအေရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ကို မမှီသေးတာကြောင့် အသင်းရဲ့ လူအင်အားကို တိုးချဲ့ဖို့ စီစဉ်နေတဲ့ အသင်းပါ။

Photo Credit: Mirror

အသက် ၂၉နှစ် အရွယ် မော်ရိုကို ကွင်းလယ်တိုက်စစ် ကစားသမား ဟာကင် ဇီရက်ဇ်က အေဂျက်ကနေ ချယ်လ်ဆီးထံ ရောက်ရှိပြီးတဲ့နောက် ပုံမှန် ပွဲထွက်ခွင့် ရခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းချက်ကြောင့်ပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဇီရက်ဇ်ကို ရောင်းထုတ်ပြီး တောင်ပံတိုက်စစ် ကစားသမားသစ်တွေကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

တဖက်မှာလည်း ဇီရက်ဇ်က ချယ်လ်ဆီးကနေ ထွက်ခွာကာ သူ့ကို အလေးထားမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့ကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုထားကြောင်းလည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က ဇီရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဇီရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးမှုတွေပါ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် ကျန်နေသေးတဲ့ ဇီရက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း လိုချင်နေပေမယ့် အေစီမီလန်ကတော့ ဇီရက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်သာ သုံးစွဲချင်တာကြောင့် သူတို့နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းဖို့ အနည်းငယ် လိုအပ်နေပါသေးတယ်။