အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဟာ နယူးကာဆယ်ယူန်ိုက်တက်ဒ်အသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား အယ်လန်စိန့်မက်ဆီမင်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Milan would like to sign Saint-Maximin on loan with an option to buy

Photo Credit : The Sun

အသက်(၂၅)နှစ်အရွယ်ရှိ နယူးကာဆယ် ပရိသတ်အချစ်တော် ကစားသမား မက်ဆီမင်ဟာ ဒီရာသီမှာ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲ ကစားထားရပေမယ့် အဲ့ဒီ(၁၆)ပွဲမှာ (၅)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရသလို တံကောက်ကြောဒဏ်ရာ ကြွက်သားဒဏ်ရာတွေ ခံစားရပြီးနောက် သြဂုတ်လနောက်ပိုင်း နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာပါ မိနစ်ပိုင်းလောက်သာ ပါဝင်ခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ မက်ဆီမင်ကို အခု ဆောင်းဈေးကွက်အတွင်းမှာပဲ အေစီမီလန်အသင်းက (၆)လအငှားနဲ့ ခေါ်ယူသွားချင်နေတယ်လို့ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

လက်ရှိ စီးရီးအေ အပါအဝင် ပြည်တွင်းပြိုင်ပွဲတွေမှာပါ ရလဒ်တွေ ဆိုးရွားနေတဲ့ မီလန်အသင်းဟာ နယူးကာဆယ်မှာ ပုံမှန်ကစားခွင့်တွေ ဆုံးရှုံးနေတဲ့ မက်ဆီမင်ကို (၆)လအငှားအပြင် အငှားသက်တမ်း ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းသွားချင်နေပါတယ်။ တစ်ဖက်မှာလည်း နယူးကာဆယ်က အဲဗာတန်အသင်းရဲ့ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်ကို အခု ဈေးကွက်ထဲမှာပဲ အရ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတဲ့အတွက် ဒါက မက်ဆီမင်ရဲ့ အနာဂတ်ကိုပါ တိုက်ရိုက် သက်ရောက်နေရပြီး ဂေါ်ဒွန်သာ ရောက်လာမယ်ဆိုရင် မက်ဆီမင်က နယူးကာဆယ်နဲ့ လမ်းခွဲသွားရနိုင်ပါတယ်။ လက်ရှိ နယူးကာဆယ်အသင်းက မက်ဆီမင်ကို အသင်းမှာ သိပ်မသုံးစွဲတာတောင်မှ အသင်းရဲ့ ရလဒ်ပိုင်းတွေက အားရစရာ အနေအထားမှာ ရှိနေတဲ့အတွက် အသင်းအတွက် ရေရှည်မှာ ပိုပြီး အကျိုးရှိစေနိုင်မယ့် ဂေါ်ဒွန်ကိုသာ ခေါ်ယူအားဖြည့်ကာ မက်ဆီမင်ကို စွန့်လွတ်သွားဖွယ် ရှိနေပါတယ်။ မီလန်ကလည်း စီးရီးအေမှာ ချန်ပီယံဆုကို ကာကွယ်သွားဖို့ထက်စာရင် Top 4 အတွက်ကိုသာ ပိုမို ဦးစားပေးရဖွယ် ရှိနေတာကြောင့် မက်ဆီမင်လို အရည်အသွေးမြင့် တောင်ပံကစားသမားအပြင် စီးရီးအေ ကစားသမားတစ်ဦးဖြစ်တဲ့ ရိုးမား ကွင်းလယ်လူ နီကိုလိုဇာနီအိုလိုကိုပါ ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။