အေစီမီလန်အသင်းဟာ လာမယ့်နွေမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ရီးယဲလ် မက်ဒရစ်အသင်းရဲ့ လူငယ် ကြယ်ပွင့်ကစားသမားလေး အာဒါဂူလာကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ အီတလီ အခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် တူရကီ ကွင်းလယ်တိုက်စစ် ကစားသမားလေး အာဒါဂူလာဟာ ဒီနှစ်နွေမှပဲ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းကနေ ရီးယဲလ်အသင်းဆီ ယူရို သန်း(၂၀)နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Madrid Zone

ဒါပေမယ့် အာဒါဂူလာက ဒဏ်ရာပြသာနာ အများအပြားနဲ့ ရုန်းကန်နေရတာကြောင့် ရီးယဲလ်အတွက် ကစားပေးနိုင်ခြင်း မရှိပဲ လတ်တလောမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲလေးသာ ကစားထားရသေးပြီး ဆယ်လ်တာဗီဂိုနဲ့ ပွဲမှသာ ပထမဦးဆုံး သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပါတယ်။

လာမယ့် ဘောလုံးရာသီမှာလည်း ရီးယဲလ်အသင်းအနေနဲ့ ကစားသမားသစ် ဖြည့်တင်းမှုတွေအဖြစ် ကီလီယန် အမ်ဘာပေနဲ့ အန်းဒရစ်တို့ကို ခေါ်ယူဖို့လည်း ရှိနေတာကြောင့် အာဒါဂူလာအနေနဲ့ အသင်းမှာ နေရာပျောက်ဖို့က ရှိနိုင်ပြီး ဒါကို အေစီမီလန်ဘက်က အသုံးချဖွယ် ရှိနေပါတယ်။

Photo Credit : AS USA

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ရီးယဲလ်မှာ ကစားခွင့်ရဖို့ ခက်ခဲနေတဲ့ တောင်ပံကစားသမား ဘရာဟင် ဒီယက်ဇ်ကို (၃)ရာသီအငှားနဲ့ ခေါ်ယူခဲ့ဖူးပြီး အခုလည်း အာဒါဂူလာကိုပါ ဒီယက်ဇ်လို အငှားနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ရီးယဲလ်နဲ့ အေစီမီလန် အသင်းကြားမှာကလည်း ခိုင်မာတဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့အတွက် ဒီလို အငှားကမ်းလှမ်းမှုက ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပြီး ဒါပေမယ့် ဒီယက်ဇ်လိုမျိုး နှစ်ရှည်အငှားမျိုးနဲ့ အငှားချပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရပါမယ်။