အေစီမီလန်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားလေးဖြစ်တဲ့ တိုက်စစ်မှူး ရာဖယ်လ်လီယာအိုကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေသလို အသင်းမှာ ဂိုးတွေကို ဒိုင်ခံသွင်းယူနေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးကိုပါ စာချုပ် ထပ်မံ တိုးမြှင့်သွားဖို့ စီစဉ်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Olivier Giroud celebrates scoring for AC Milan on September 14, 2022 -  Sports Mole

Photo Credit : Sport Mole

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း မီလန်ရဲ့ အားထားရဆဲ ကစားသမားကြီး ဖြစ်နေသူ ဂျရူးဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း မီလန်အတွက် ပြိုင်ပွဲစုံ (၈)ဂိုးအထိ သွင်းယူထားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်ကစားသမားက ဒီရာသီအကုန်မှာပဲ သူနဲ့ မီလန်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်လို့ မီလန်ဘက်က သူတို့အသင်းမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ ဂျရူးကို နောက်ထပ် သက်တမ်းတိုးသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Olivier Giroud tells AC Milan team-mates what to expect against Chelsea in  Champions League clash

Photo Credit : Yahoo Sport UK

၂၀၂၁ခုနှစ် နွေရာသီကတည်းက ချယ်လ်ဆီးကနေ မီလန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျရူးဟာ မီလန်မှာရော ပြင်သစ်လက်ရွေးစင်အသင်းမှာပါ သူရဲ့ ဂိုးသွင်းခြေတွေကို ထိန်းသိမ်းထားနိုင်လို့ ပြင်သစ်နည်းပြ ဒေ့ရှောင့်ဆိုရင်လည်း လက်ရွေးစင်အသင်းမှာ ဂျရူးကို နေရာပေးလေ့ ရှိသလို အခု မီလန်ကလည်း သူတို့ရဲ့ ကစားသမားကြီးကို သက်တမ်း ထပ်တိုးဖို့ပါ စီစဉ်လာခဲ့ပါတယ်။ ဘောလုံးအပြောင်းအရွှေ့ဆိုင်ရာ ကျွမ်းကျင်သူ သတင်းထောက် ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ ဂျရူးရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေကို သိပ်မကြာခင်မှာပဲ လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း မီလန်မှာ ပျော်ရွှင်နေပြီး အသင်းရဲ့ ပရောဂျက်တွေအပေါ်မှာလည်း စိတ်ဝင်တစား ရှိနေတာကြောင့် အသင်းနဲ့ ဆက်လက် လက်တွဲချင်နေကြောင်း သိရပါတယ်။ အာဆင်နယ် ချယ်လ်ဆီးအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက် ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှူး ဂျရူးဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၅၅)ပွဲ ကစားပြီး သွင်းဂိုး (၉၀) သွင်းယူခဲ့သလို စီးရီးအေမှာတော့ ပွဲ(၄၀) ကစားပြီး (၁၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂျရူးဟာ မကြာခင် ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းနဲ့အတူ ပါဝင် ဆင်နွဲသွားဦးမှာလည်း ဖြစ်ပါတယ်။