အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ရာသီကုန်အထိ အငှားစာချုပ်အပြင် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ပါ ခေါ်ယူသွားချင်နေတယ်လို့ နာမည်ကျော် အီတလီ သတင်းထောက် ဒီမာဇီယိုက ဖော်ပြလာခဲ့ပါတယ်။
မီလန်အသင်းဟာ ပြီးခဲ့တဲ့ ဈေးကွက်တွေကလည်း အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး အေဘရာဟမ် နောက်ခံလူ တိုမော်ရီတို့ကို ခေါ်ယူထားခဲ့သလို အခုဆိုရင် အင်္ဂလန် လက်ရွေးစင်ဟောင်း တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိုပါ စီးရီးအေပြိုင်ပွဲဆီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတော့တယ်။
Photo Credit : Transfermarket
အသက်(၂၇)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ရပ်ရှ်ဖို့ဒ်က ၂၀၁၅ကတည်းကနေ ယူနိုက်တက် စီနီယာအတွက် ကစားခွင့် ရရှိခဲ့ပေမယ့် သူရဲ့ ခြေစွမ်းတွေက တည်ငြိမ်မှု ကင်းမဲ့လို့နေပြီး လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာလည်း အားထားရတဲ့ အခြေအနေမှာ ရှိမနေတော့တာကြောင့် အသင်းဘက်က ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို အခြေအနေ ရှိလာခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို အေစီမီလန် အပါအဝင် ဒေါ့မွန်နဲ့ တခြားသော ကလပ်အသင်းတွေက ကနဦး အငှားခေါ်ယူမှုနဲ့ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ကြပြီး လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်ဖြစ်သူကပါ အီတလီနိုင်ငံ မီလန်မြို့ဆီ ရောက်ရှိနေကာ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြပါသေးတယ်။
Photo Credit : DAZN
ဖာရီဇီယို ရိုမာနိုနဲ့ The Athletic တို့ရဲ့ ဖော်ပြချက်တွေအရ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်ဟာ မီလန်နဲ့ ဆွေးနွေးအပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဒေါ့မွန်အပြင် အခြားသော ကလပ်အသင်းတွေနဲ့ပါ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ မီလန်ကတော့ ချူကွာဇီကို ရောင်းထုတ်ဖို့လည်း ရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်ကို အသင်းထံ ခေါ်ယူချင်နေပါတယ်။
မီလန်နဲ့ ယူနိုက်တက်တို့ဟာ ယခင်ကလည်း နောက်ခံအစွန်လူ ဒီယိုဂို ဒါလော့ကို တစ်ရာသီ အငှားချခဲ့ဖူးသလို လက်ရှိမှာလည်း ရပ်ရှ်ဖို့ဒ်အပြောင်းအရွှေ့ ဖြစ်လာဖို့က အခြေအနေများနေပေမယ့် မြင့်မားလွန်းနေတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာက မီလန်အတွက် အခက်အခဲ ဖြစ်လာနိုင်ဖွယ်တော့ ရှိနေပါတယ်။