မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်း ကို ခေါ်ယူဖို့ စီးရီးအေကလပ် အေစီမီလန်အသင်းက စိတ်ဝင်စားနေပြီး ယူနိုက်တက်ဘက်ကလည်း သူ့ကို အငှားချထားဖို့ သဘောတူညီမှု ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
မီလန်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်အတွက် သူတို့ရဲ့ အစားထိုးရွေးချယ်မှုအဖြစ် ဟွိုင်းလန်းကို သတ်မှတ်ထားပါတယ်။ Sky သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်ရှ်ကို ကို ခေါ်ယူနိုင်ခဲ့ပါက ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်းလန်းကို အငှားချဖို့ မီးစိမ်းပြထားတာကြောင့် မီလန်အတွက် အားတက်စရာဖြစ်လာခဲ့ပါတယ်။ Corriere dello Sport ရဲ့အဆိုအရ အီတလီကလပ်ဟာ ဗလာဟိုဗစ်ထက် လစာနည်းပါးတဲ့ ဟွိုင်းလန်းအတွက် ယူရို(၃၅)သန်း အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
Photo Credit : Sempre Milan
ဟွိုင်းလန်းဟာ အတ္တလန်တာအသင်းမှာ (၉)ဂိုးသွင်း (၄)ဂိုးဖန်တီးမှု ပြုလုပ်ပြီး ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်က ၂၀၂၃ ခုနှစ်မှာ သူ့အတွက် ယူရိုသန်း(၈၀)အထိ အသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်မြေမှာတော့ အဲ့ဒီခြေစွမ်းမျိုးကို ပြန်လည်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၉၅)ပွဲမှာ (၂၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီအတွက် ပိုမိုအားထားရတဲ့ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး ဒိန်းမတ်ကြယ်ပွင့်ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အသင့်ရှိနေပါတယ်။
သူ့အတွက် နောက်ထပ်ထွက်ပေါက်တစ်ခုကတော့ ရိုးမားအသင်းမှာ သူနဲ့ပြန်လည်လက်တွဲလိုနေတဲ့ သူ့ရဲ့နည်းပြဟောင်း ဂျန် ပီယာရို ဂတ်စ်ပါရီနီထံမှ ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း အခြေအနေကို စောင့်ကြည့်နေပေမယ့် နည်းပြ အီဂေါ တူဒေါကတော့ သူ့ကို ရန်ဒယ်လ် ကိုလို မူအာနီအတွက် အရန်ရွေးချယ်မှုတစ်ခုအဖြစ်သာ ရှုမြင်ထားပါတယ်။
Photo Credit : Sempre Milan
အေစီမီလန်အသင်းဟာ မကြာသေးမီက ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း အသင်းမှာဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တဲ့ မက္ကဆီကိုတိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်နဲ့ တွဲဖက်ကစားမယ့် တိုက်စစ်မှူးတစ်ဦးကို ဈေးကွက်ထဲမှာ ရှာဖွေနေပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်က မီလန်ရဲ့ထိပ်တန်းပစ်မှတ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး တူရင်မှာ သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ နည်းပြ အယ်လီဂရီကလည်း ခေါ်ယူဖို့ တွန်းအားပေးနေပေမယ့် ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးမှုတွေကတော့ တိုးတက်မှုမရှိသေးပါဘူး။
မီလန်အသင်းဟာ လာမယ့် သြဂုတ်လ(၁၆)ရက်နေ့မှာ ကိုပါအီတလီယာဖလားပွဲစဉ်အဖြစ် ဘာရီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် နည်းပြအတွက် ကစားသမားစာရင်းကို အပြီးသတ်နိုင်ရန် ရည်မှန်းထားပါတယ်။ ဟွိုင်းလန်းအတွက်တော့ အသင်းသစ်တစ်ခုကို အမြန်ဆုံးပြောင်းရွှေ့ပြီး သူ့ရဲ့ကစားသမားဘဝကို လမ်းကြောင်းမှန်ပေါ် ပြန်တင်နိုင်ဖို့ မျှော်လင့်နေမှာပါ။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဒီတိုက်စစ်မှူးအတွက် အချိန်တွေအများကြီးရှိနေသေးပြီး အစသစ်တစ်ခုကို စတင်ဖို့ စိတ်အားထက်သန်နေမှာ သေချာပါတယ်။