ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားရဖို့ ရှိနေတဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ရက်စ်မတ် ဟွိုင်လန်းကို ကနဦးပိုင်းမှာ အင်တာမီလန်က အလိုရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အင်တာက ဟွိုင်လန်းကို လက်လျှော့သွားခဲ့ပြီး အင်တာရဲ့ ခါးသီးမြို့ခံကလပ် အေစိမီလန်က ဟွိုင်လန်းကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။
စီးရီးအေကလပ် အတ္တလန်တာအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဟွိုင်လန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းထဲ အတော်လေး ရုန်းကန်ခဲ့ရပေမယ့်လည်း သူ့ကို ဂျုဗင်တပ်စ် အင်တာမီလန်နဲ့ တခြားသော စီးရီးအေ ကလပ်အသင်းတွေက အီတလီမြေဆီ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။
Photo Credit : Goal
ဒီထဲကမှ အင်တာဆိုရင် ဟွိုင်လန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာ ပါးမားအသင်းက ဘိုနီကို ခေါ်ယူလိုက်ပြီးတဲ့နောက် ဟွိုင်လန်းအပေါ် စိတ်ဝင်စားမှုတွေ မရှိတော့ဘဲ ခေါ်ယူဖို့ပါ လက်လျှော့လိုက်ပါတယ်။ ဒါပေမယ့်လည် ဟွိုင်လန်းကိုတော့ နောက်ထပ် မီလန်အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ အေစီမီလန်က စိတ်ဝင်စားလာပါတော့တယ်။
လက်ရှိ မီလန်အသင်းရဲ့ တိုက်စစ်မှာ အထောင်တိုက်စစ်မှူးဆိုလို့ မနှစ်က ဆောင်းဈေးကွက်မှာ ခေါ်ယူထားတဲ့ ဆန်တီယာဂို ယီမီနက်ဇ် တစ်ဦးတည်းသာ ရှိနေပြီး အေဘရာဟမ်နဲ့ ယိုဗစ်တို့ကလည်း အသင်းကနေ ထွက်ခွာထားသလို အမ်ပိုလီကနေ အငှားပြည့်လို့ ပြန်ရောက်လာတဲ့ ကိုလွန်ဘိုရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေပါတယ်။
Photo Credit : Utd District
ဒီလို အခြေအနေမျိုး ရှိနေတဲ့ အေစီမီလန်က ဈေးကွက်ထဲမှာ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေပြီး ဂျုဗင်တပ်စ်က ဒူဆန် ဗလာဟိုဗစ်၊ ချယ်လ်ဆီးက နီကိုးလပ်စ် ဂျက်ဆင်တို့အပြင် ယူနိုက်တက်ရဲ့ ဟွိုင်လန်းတို့ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။ ဒီထဲမှာ ဂျက်ဆင်က ခေါ်ယူဖို့ အခက်ခဲဆုံး အခြေအနေမှာ ရှိနေရပါတယ်။
ဗလာဟိုဗစ်ကတော့ ဂျုဗင်တပ်စ်နဲ့ သေချာပေါက် လမ်းခွဲနိုင်သလို ပြောင်းရွှေ့ကြေးလည်း ယူရို(၂၅)သန်းလောက်သာ ရှိနိုင်လို့ မီလန်အတွက် ရွေးချယ်စရာ အကောင်းဆုံး option တစ်ခု ဖြစ်နိုင်ပေမယ့်လည်း ဟွိုင်လန်းကိုလည်း အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်မျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ယူနိုက်တက်ဘက်က လက်လွတ်ကောင်း လက်လွတ်သွားနိုင်ဖွယ် ရှိပါတယ်။