အေစီမီလန်အသင်းကတော့ ဒီနွေမှာ အသင်းက အဓိက ကစားသမားတွေကို လက်လွတ်ထားခဲ့ရသလို ပြန်လည် ဖြည့်တင်းထားတဲ့ ကစားသမားတွေထဲမှာလည်း အသင်းအတွက် လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူး မပါဝင်သေးဘဲ လက်ရှိ အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ မနှစ်ကမှ ခေါ်ယူထားတဲ့ မက္ကဆီကို တိုက်စစ်မှူး ဆန်တီယာဂို ယီမီနက်ဇ် တစ်ဦးတည်းသာ ရှိနေပါတယ်။

မီလန်ရဲ့ တိုက်စစ်အစုအဖွဲ့မှာ လီယာအို ပူလီဆစ် အိုကာဖော ချူကွာဇီ ဆလာမိတ်ကာတို့လို ကစားသမားတွေ ရှိနေပေမယ့် ဒီကစားသမားတွေက တောင်ပံတိုက်စစ်ကစားသမားတွေသာဖြစ်လို့ နံပါတ်(၉)နေရာအတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးက မဖြစ်မနေ လိုအပ်နေပါတယ်။

Photo Credit : This is Anfield

ဒါကြောင့်ပဲ မီလန်က စီးရီးအေပြိုင်ဘက် ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ချယ်လ်ဆီးက ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်အပြင် လီဗာပူးလ်က ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူနက်ဇ်တို့ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။ ဒီကစားသမား (၃)ဦးလုံးဟာလည်း ဒီဈေးကွက်အတွင်းမှာ ငက်ဆိုင်ရာ အသင်းတွေကနေ ထွက်ခွာရဖို့ ရှိနေကြပါတယ်။

လတ်တလောမှာတော့ မီလန်က နာပိုလီ ဂျုဗင်တပ်စ်တို့လို စီးရီးအေကလပ်တွေပါ စိတ်ဝင်စားနေရတဲ့ နူနက်ဇ်ကို ပိုမို ခေါ်ယူချင်နေပြီး နူနက်ဇ်ကလည်း လက်ရှိမှာ ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလာအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေသလို အယ်လ်ဟီလာနဲ့ နူနက်ဇ်ရဲ့ အေးဂျင့်တို့ကပါ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြထားပါတယ်။

Photo Credit : Sports Illustrated

ဆော်ဒီကလပ်တွေက သူတို့ အမှန်တကယ် လိုချင်နေတဲ့ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးတွေ လုပ်ခလစာတွေကို မက်မောလောက်စရာ ပမာဏမျိုးနဲ့ ကမ်းလှမ်းတက်တာဖြစ်လို့ မီလန်အနေနဲ့ အယ်လ်ဟီလာနဲ့အပြိုင် နူနက်ဇ်ကို ကမ်းလှမ်းဖို့က ခက်ခဲနိုင်ပေမယ့်လည်း တကယ်လို့ ကစားသမားကိုယ်တိုင်က ဥရောပမှာပဲ ဘောလုံးဆက်ကစားချင်မယ် ဆိုရင်တော့ ဒါက မီလန်အတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်ဘက်ကတော့ နူနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ပေါင်သန်း(၆၀)လောက်အထိ သတ်မှတ်ထားနိုင်တာဖြစ်လို့ မီလန်က နူနက်ဇ်ကို အယ်လ်ဟီလာနဲ့အပြိုင် ကမ်းလှမ်းဖို့ထက် နူနက်ဇ်ထက် တန်ကြေး ပိုသက်သာနိုင်မယ့် ဗလာဟိုဗစ်ကိုသာ ခေါ်ယူသွားရဖို့ အခြေအနေ ပိုများနေရပါတယ်။