မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား အလက်ဟန်ဒရို ဂါနာချိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဓာတ်ပုံဆရာ ကွန်ရတ် ဘော်ဇီကိုစကီးက သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်အသစ်နဲ့အတူ ကြီးမားတဲ့အပြောင်းအရွှေ့အရိပ်အမြွက်တစ်ခုကို ပြသခဲ့ပါတယ်။

ဒီနွေရာသီမှာ ဂါနာချိုဟာ မန်ယူနိုက်တက်ကနေ ထွက်ခွာတော့မယ့်ပုံ ရှိနေပြီး ဓာတ်ပုံဆရာ ဘော်ဇီကိုစကီးက သူ့ရဲ့ Instagram ပို့စ်အသစ်နဲ့ မတော်တဆလိုလို ထွက်ခွာတော့မယ့်အကြောင်း အတည်ပြုပေးလိုက်မိသွားပါတယ်။

Photo Credit : Instagram

ဂါနာချိုနဲ့ အလုပ်တွဲလုပ်တဲ့ ဓာတ်ပုံဆရာက အာဂျင်တီးနားသား ကစားသမားရဲ့ ပုံအချို့ကို “One last time in Manchester United red… Garnacho.” (မန်ချက်စတာ ယူနိုက်တက်ရဲ့ အနီရောင်နဲ့ နောက်ဆုံးအကြိမ်…) ဆိုတဲ့ စာသားနဲ့အတူ သူ့ Instagram မှာ မျှဝေခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ဟာ လက်ရှိမှာ သူ့ရဲ့အသင်းကို ပြန်လည်ဖွဲ့စည်းနေပြီး ဂါနာချို၊ ဂျေဒန် ဆန်ချို၊ အန်တိုနီနဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်တို့လို အသင်းနဲ့ အဆင်မပြေတော့တဲ့ ကစားသမားတွေကို လက်ပြနှုတ်ဆက်ဖို့ မျှော်လင့်ထားပါတယ်။ ဂါနာချိုဟာ ပြည်ပကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် ပရီးမီးယားလိဂ်မှာပဲ ဆက်နေဖို့ ပိုပြီး ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်ကတော့ ဂါနာချိုအတွက် ပေါင် သန်း ၇၀ဝန်းကျင် လိုချင်နေပြီး ချယ်လ်ဆီးကိုလည်း ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်အဖြစ် ဖော်ပြခဲ့ပါတယ်။

Photo Credit : Goal

ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၁၁ ဂိုးသွင်းယူပြီး ၉ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ယူရိုပါလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်ကို ရှုံးနိမ့်ပြီး ရက်ပိုင်းအကြာမှာပဲ နည်းပြ အာမိုရင်က ဂါနာချိုကို အသင်းအသစ်ရှာဖို့ ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယူနိုက်တက်ရဲ့ ဆိုးရွှားလွန်းလှတဲ့ ရာသီအပြီးမှာ ဂါနာချိုဟာ အာရှကို အားလပ်ရက်အဖြစ် ခရီးထွက်နေခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ်ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒါပေမယ့် နည်းပြ အာမိုရင် လက်အောက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဒီတောင်ပံကစားသမားအတွက် အနာဂတ် အခြေအနေက မရှိတော့ဘူးလို့ ထင်ရပါတယ်။