မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အာမိုရင်အပေါ် ဖိအားတွေ တိုးပွားနေချိန်မှာပဲ အင်္ဂလန်ကစားသမားဟောင်း ဂျိုး ကိုးလ်က အိုးထရက်ဖို့ဒ်အသင်းအတွက် အသင့်တော်ဆုံးနည်းပြဟာ အင်္ဂလန်နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်သာဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အာမိုရင်လက်ထက်မှာ ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် နိုင်ပွဲရအောင် တစ်ခါမှ မစွမ်းဆောင်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့အပတ်က ချယ်လ်ဆီးကို အနိုင်ရခဲ့ပေမယ့် အဲ့ဒီနောက် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ခြေစွမ်းတည်ငြိမ်မှု ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

Photo Credit : The Mirror

အာမိုရင်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ အထူးသဖြင့် ဘရူနို ဖာနန်ဒက်စ်ကို ကွင်းလယ်အောက်ဆင်းကစားခိုင်းခြင်းနဲ့ သူ့ကစားကွက်နဲ့ အံမဝင်တဲ့ ကစားသမားတွေကို “bomb squad” အဖြစ် သီးသန့်လေ့ကျင့်ခန်းဆင်းခိုင်းခြင်းတို့ကလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျိုး ကိုးလ်ကတော့ ယူနိုက်တက်ရဲ့ အဓိကပြဿနာဖြစ်တဲ့ အသင်းရဲ့ culture ကို ပြန်လည်တည်ဆောက်ဖို့အတွက် ဆောက်ဂိတ်က အသင့်တော်ဆုံးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“အာမိုရင် ရောက်လာတုန်းက လူတွေက သူ့ကို ကယ်တင်ရှင်တစ်ယောက်လို ပြောခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အလုပ်မဖြစ်ဘူးဆိုတာ မြင်သာနေပြီ။ ကျွန်တော်ထင်တယ် ဒီအခြေအနေက အသင်းရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲဖို့ လိုအပ်နေပြီ။ ဂါရတ် ဆောက်ဂိတ်က အသင်းရဲ့ ယဉ်ကျေးမှုကို တည်ဆောက်ဖို့ ကလပ်အသင်းကို နားလည်ဖို့ ကစားသမားတွေကို နားလည်ဖို့အတွက် အသင့်တော်ဆုံးလူလို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က အာမိုရင်ကို ရွေးချယ်ခဲ့တယ်။ အခုတော့ အဆင်မပြေဘူးထင်ရတာပဲ။” လို့ ဂျိုးကိုးလ်က ဆိုလိုက်ပါတယ်။

Photo Credit : Football365

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းမှာ ရှိခဲ့တဲ့ “ဂိုဏ်းဂဏစွဲ (cliques)” တွေကို ဖျက်ဆီးပြီး အပြုသဘောဆောင်တဲ့ အသင်းယဉ်ကျေးမှုတစ်ခုကို တည်ဆောက်နိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ အဝတ်လဲခန်းပြဿနာတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဂျိုး ကိုးလ်က သုံးသပ်ခဲ့ပါတယ်။

ဆာ ဂျင် ရတ်ကလစ်ဖ် ဦးဆောင်တဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ဟာ အာမိုရင်ကို ယုံကြည်မှုအပြည့်ပေးထားပြီး ရပ်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့လို အရည်အချင်းရှိတဲ့ ကစားသမားတွေကိုတောင် ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ချက်ချင်းအလုပ်ထုတ်ဖို့ဆိုတာက အဓိက အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ အသင်းသာ ဆောင်းရာသီကာလရောက်တဲ့အထိ အမှတ်ပေးဇယားအောက်ပိုင်းမှာပဲ ဆက်ရှိနေဦးမယ်ဆိုရင်တော့ အာမိုရင်ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့မေးခွန်းတွေ ထွက်ပေါ်လာမှာ သေချာပါတယ်။