လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာရဲ့ ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းအတွက် လစာငွေအပြည့်အစုံကို သူရဲ့ဇနီးနဲ့ မိသားစုထံ ပေးချေသွားမှာဖြစ်ကြောင်း နည်းပြချုပ်အာနေး စလော့က အတည်ပြုပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က စပိန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုကြောင့် အသက် (၂၈)နှစ်အရွယ် ဂျိုတာနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ အန်ဒရေ ဆေးလ်ဗားတို့ဟာ ကြေကွဲဖွယ်ရာ ကွယ်လွန်ခဲ့ပြီးနောက် ဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့အတူ သားသမီးငယ် (၃)ဦး ကျန်ရစ်ခဲ့ပါတယ်။

Photo Credit : The Big Reds Family

နည်းပြစလော့က ဒီလုပ်ရပ်ဟာ ဘောလုံးလောကမှာ ပုံမှန်မဟုတ်တဲ့ လေးစားဖွယ်ရာ လုပ်ရပ်တစ်ခုဖြစ်ကြောင်းနဲ့ အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ “ပိုင်ရှင်တွေကို အမြဲတမ်း ဝေဖန်လေ့ရှိကြပေမယ့် ဒီအခြေအနေကို သူတို့ ကိုင်တွယ်ခဲ့တဲ့ပုံစံက တကယ်ကို လေးစားစရာကောင်းပါတယ်။ သူ့ရဲ့ဇနီးနဲ့ ကလေးတွေဆီကို စာချုပ်ထဲက ငွေအားလုံးကို ပေးချေခဲ့တာပါ။ လူတွေက ဒါကို ပုံမှန်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ဘောလုံးလောကမှာတော့ ဒါက ပုံမှန်မဟုတ်ပါဘူး။” လို့ စလော့က TNT Sports ကို ပြောကြားခဲ့ပါတယ်။

စလော့က ဒီအဖြစ်ဆိုးကြောင့် နွေရာသီတစ်လျှောက်လုံး ကလပ်အသင်းနဲ့ မြို့တော်တစ်ခုလုံး နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းခဲ့ရပုံကိုလည်း စိတ်လှုပ်ရှားစွာ ပြန်ပြောင်းပြောပြခဲ့ပါတယ်။”ပန်းတွေ ဘယ်လောက်တောင် များလဲ၊ အမှတ်တရနေရာတွေရောပဲ၊ ကျွန်တော် စဉ်းစားလိုက်တိုင်း စိတ်လှုပ်ရှားမိတယ်။ ကျွန်တော်တို့ ပရိသတ်တွေ လုပ်ခဲ့တာတွေက မယုံနိုင်စရာပါပဲ။ ဈာပနအခမ်းအနားတဝိုက်မှာ ကျွန်တော်တို့ ကစားသမားတွေရဲ့ နေထိုင်ပြုမူပုံတွေရောပဲ။ ပြီးတော့ ကျွန်တော်တို့ လေ့ကျင့်ခန်းပြန်ဆင်းရတယ်။”

Photo Credit : Goal

“တချို့အချိန်တွေမှာ ကျွန်တော် ခံစားမိတယ်၊ ‘သူ့ဇနီးနဲ့ ကလေးတွေ အခုအချိန်မှာ ဘယ်လိုများ ခံစားနေရမလဲ’ ဆိုပြီးတော့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘဝက ရှေ့ဆက်နေရတယ်လေ။ မိသားစုဝင်တွေအတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာကို သိလျက်နဲ့ပေါ့။” လို့ ပြောဆိုခဲ့ပါတယ်။ ဂျိုတာနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူကို မကြာသေးမီက ကျင်းပခဲ့တဲ့ ဘာလွန်းဒေါ ဆုပေးပွဲအခမ်းအနားမှာ အမှတ်တရဂုဏ်ပြုခဲ့ပြီး အသင်းဖော်တွေဖြစ်တဲ့ ဗာဂျယ်လ် ဗန်ဒိုက်နဲ့ အလီဆွန်တို့ စိတ်လှုပ်ရှားစွာ မျက်ရည်ကျခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းကလည်း ဂျိုတာရဲ့ ကျောနံပါတ် (၂၀)ကို အသင်းရဲ့ အဆင့်ဆင့်အသင်းအားလုံးမှာ အနားပေးခဲ့ပြီး ပရိသတ်တွေကလည်း ဒီရာသီ အိမ်ကွင်းပွဲစဉ်တိုင်းရဲ့ မိနစ် (၂၀)ပြည့်တိုင်းမှာ သူ့ရဲ့သီချင်းကို သံပြိုင်သီဆိုပြီး ဂုဏ်ပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီယိုဂို ဂျိုတာရဲ့ ကြေကွဲဖွယ်ရာ ကွယ်လွန်မှုက အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပေမယ့် အသင်းနဲ့ ပရိသတ်တွေရဲ့ မပြောင်းလဲတဲ့ အမှတ်တရ ဂုဏ်ပြုမှုတွေကတော့ အန်ဖီးလ်ကွင်းမှာ သူ့ရဲ့အမှတ်ရမှုတွေ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း သက်သေပြနေပါတယ်။