လီဗာပူးလ်အသင်းရဲ့ နည်းပြချုပ်အာနေး စလော့က အသင်းရဲ့ အီတလီလူငယ်နောက်ခံလူလေး ဂျီယိုဗန်နီ လီယိုနီဟာ ကလပ်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ (ACL) ရရှိသွားခဲ့ပြီး တစ်နှစ်နီးပါး အနားယူရတော့မှာဖြစ်ကြောင်း တရားဝင် အတည်ပြုပြောကြားလိုက်ပါတယ်။
ဒီသတင်းဟာ ဒီနွေရာသီမှာမှ ပါးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပါရမီရှင်လူငယ်လေးအတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အသက် (၁၈)နှစ်အရွယ် လီယိုနီဟာ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ လီဗာပူးလ်အတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးဖို့ (၉)မိနစ်အလိုမှာ ဒဏ်ရာရရှိသွားခဲ့ပြီး လူ stretcher နဲ့ ကွင်းထဲက ထွက်ခွာခဲ့ရချိန်မှာ အလွန်နာကျင်ခံစားနေရပုံနဲ့ စိတ်ထိခိုက်နေပုံကို တွေ့မြင်ခဲ့ရပါတယ်။
Photo Credit : Goal
လီဗာပူးလ်အသင်းဟာ အီတလီ ယူ-၁၉ လက်ရွေးစင်ကစားသမားလေးရဲ့ အလားအလာကို ပေါင် (၂၆)သန်းအထိ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး သူ့ကို ဗာဂျယ်လ် ဗန်ဒိုက်ရဲ့ ရေရှည်နေရာ ဆက်ခံသူအဖြစ် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူကွင်းထဲကို ပြန်လာနိုင်ဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ အာနေး စလော့က “သူ့အခြေအနေမကောင်းပါဘူး၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ACL အရွတ်စုတ်သွားခဲ့တယ်။ ဒါက သူတစ်နှစ်လောက် အနားယူရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီလောက်ငယ်ရွယ်တဲ့အချိန် နိုင်ငံအသစ်ကိုရောက်လာပြီး ကိုယ့်ရဲ့ပထမဆုံးပွဲမှာ ခြေစွမ်းကောင်းတွေပြနေရင်းနဲ့ ဒီလိုဖြစ်သွားတာက တကယ်ကို လက်ခံရခက်ပါတယ်။ ဒါပေမဲ့ သူ့မှာ အားကျစရာ ဥပမာတွေရှိပါတယ်။ ကျွန်တော်တို့အသင်းမှာဆိုရင် ဗာဂျယ်လ်နဲ့ ဂျိုး [ဂိုမက်ဇ်] တို့လို ဒီလိုဒဏ်ရာကနေ ပြန်ကောင်းလာခဲ့တဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ ကစားသမားတွေက သူ့အပေါ်မှာ အများကြီး ဂရုဏာသက်ကြပြီး သူ့ကို ဆက်ပြီးအားပေးနေမှာပါ” လို့ စလော့က ဆိုပါတယ်။
Photo Credit : Sports Illustrated
လီယိုနီကိုယ်တိုင်ကလည်း လူမှုကွန်ရက်ကနေတစ်ဆင့် “ဒီလိုခက်ခဲတဲ့အချိန်မှာ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်ပါတယ်။ ဒါက ကျွန်တော်အမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ ပွဲဦးထွက်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီမှော်ဆန်တဲ့ကွင်းကြီးထဲမှာ အမြန်ဆုံးပြန်ကစားနိုင်ဖို့ အရာအားလုံးကို ပေးဆပ်သွားမှာပါ။” လို့ ရေးသားခဲ့ပါတယ်။
လီယိုနီရဲ့ ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်၊ ဂိုမက်ဇ်နဲ့ ကိုနာတေးဆိုပြီး အဓိက ဗဟိုနောက်ခံလူ (၃)ဦးသာ ကျန်ရှိပါတော့တယ်။ ဒါကြောင့် သူတို့အသင်းဟာ ချန်ပီယံလိဂ်လူစာရင်းမှာ အပြောင်းအလဲတစ်ခုပြုလုပ်ခဲ့ပြီး အစပိုင်းက ချန်လှပ်ခံခဲ့ရတဲ့ အီတလီတောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဆာကို လီယိုနီရဲ့နေရာမှာ အစားထိုးထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။