ချယ်လ်ဆီးအသင်းအတွက် အဓိက ကစားသမားဖြစ်တဲ့ ကိုးလ် ပါးလ်မာဟာ ပြဿနာပေးနေတဲ့ ပေါင်ခြံဒဏ်ရာကြောင့် မနေ့က ကြာသပတေးနေ့ က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ သိရတာကြောင့် အသင်းအတွက် စိုးရိမ်စရာ သတင်းဆိုးတစ်ခု ဖြစ်လာခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီအစမှာကတည်းက ဒီပေါင်ခြံဒဏ်ရာကြောင့် ဝက်စ်ဟမ်း ဖူဟမ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးသား ဖြစ်ပါတယ်။ စက်တင်ဘာ (၁၃)ရက်နေ့က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ပြီးခဲ့တဲ့သီတင်းပတ် ယူနိုက်တက်နဲ့ပွဲစဉ်မှာ (၂၁)မိနစ်သာ ကစားပြီး လူစားလဲခဲ့ရတာကြောင့် ကာလရှည် အနားယူရတော့မယ့် အခြေအနေကို ညွှန်ပြနေပါတယ်။
Photo Credit : talkSPORT
ပါးလ်မာဟာ သီတင်းပတ်လယ်က လင်ကွန်းစီးတီးနဲ့ ကာရာဘောင်းဖလားပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး အခုနောက်ဆုံး လေ့ကျင့်ခန်းကိုပါ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ပါးလ်မာဟာ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုအတွက် ဘယ်လောက်တောင် အရေးပါလဲဆိုရင် နည်းပြဟောင်း ပိုချက်တီနိုက အသင်းကို “ကိုးလ် ပါးလ်မာ FC” မဟုတ်ကြောင်း သက်သေပြဖို့ စိန်ခေါ်ခဲ့ဖူးတဲ့အထိပါပဲ။ သူဟာ ပရီးမီးယားလိဂ် (၉၈)ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (၅၈)ကြိမ်အထိ ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။
လက်ရှိနည်းပြ အန်ဇို မာရက်စ်ကာကလည်း “ကိုးလ် ပါဝင်တဲ့အခါ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ မကစားနိုင်တဲ့အခါ နိုင်ပွဲရဖို့အတွက် ဖြေရှင်းနည်းတွေ ရှာဖွေရမှာပါ။” လို့ ဝန်ခံထားပါတယ်။ မာရက်စ်ကာက ကလပ်ကမ္ဘာ့ဖလားလို ပွဲဆက်များတဲ့ နွေရာသီကို ဖြတ်သန်းခဲ့ရတဲ့ ပါးလ်မာကို အပြည့်အဝမသက်သာခင် ကွင်းထဲပြန်မဝင်စဘဲ “၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးသွားရမယ်။” လို့ အလေးအနက်ထား ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
“ဒီဒဏ်ရာက အဖြူအမည်းလို တပ်အပ်ပြောလို့မရတဲ့ ဒဏ်ရာမျိုးပါ။ တစ်ခါတလေ ပိုကောင်းလာနိုင်သလို တစ်ခါတလေ ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် နေ့စဉ်အခြေအနေကို ကြည့်ပြီး ကိုင်တွယ်သွားရမှာပါ။” လို့ နည်းပြက ရှင်းပြခဲ့ပါတယ်။
ပါးလ်မာ ဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာ မသေချာသေးတဲ့ အခြေအနေမှာ ချယ်လ်ဆီးအသင်းကတော့ ပွဲကြပ်ကာလတစ်ခုကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့ မှာ ဘရိုက်တန် (ပရီးမီးယားလိဂ်) လာမယ့် အင်္ဂါနေ့ မှာ ဘင်ဖီကာ (ချန်ပီယံလိဂ်)နဲ့ အောက်တိုဘာ (၄)ရက်နေ့ မှာ လက်ရှိချန်ပီယံနဲ့ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ် (ပရီးမီးယားလိဂ်)တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။