မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင် အာမိုရင်ရဲ့ ရေရှည်စီမံကိန်းအတွက် အနာဂတ်ကို တည်ဆောက်တဲ့အနေနဲ့ တောင်အမေရိကတိုက်က အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေကို ဆက်တိုက်ခေါ်ယူနေရာမှာ အခုနောက်ဆုံးအဖြစ် ကိုလံဘီယာ ယူ-၁၇ ကြယ်ပွင့်လေး ခရစ်ရှန် အိုရိုဇ်ကို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ကိုလံဘီယာသတင်းထောက် Pipe Sierra ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အိုရိုဇ်ကိုရဲ့ လက်ရှိကလပ် Fortaleza CEIF နဲ့ မူလသဘောတူညီချက် ရရှိထားပြီးဖြစ်ပြီး အဲ့ဒီလူငယ်လေး အသက် (၁၈)နှစ်ပြည့်မယ့် လာမယ့်နှစ် ဇူလိုင်လမှာ အိုးထရက်ဖို့ဒ်ကို တရားဝင် ပြောင်းရွှေ့လာမှာ ဖြစ်ပါတယ်။
Photo Credit : mufcMPB2’s X
အသက် (၁၇)နှစ်သာ ရှိသေးတဲ့ အိုရိုဇ်ကိုဟာ ကိုလံဘီယာ ပြည်တွင်းလိဂ်မှာ ပွဲထွက်ကစားဖူးခြင်းမရှိသေးပေမယ့် နိုင်ငံတကာလူငယ်အဆင့်မှာတော့ နာမည်ကြီးနေသူ ဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ အဓိကကစားတဲ့ သူဟာ ရင့်ကျက်တည်ငြိမ်မှု ခေါင်းဆောင်နိုင်စွမ်းနဲ့ ဘောလုံးလုယူနိုင်စွမ်းတွေကြောင့် ချီးကျူးခံနေရသူပါ။ သူဟာ ကိုလံဘီယာ ယူ-၁၇ အသင်းခေါင်းဆောင်အဖြစ် တောင်အမေရိက ချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီခေါ်ယူမှုဟာ ယူနိုက်တက်ရဲ့ လူငယ်ကစားသမားရှာဖွေရေး မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လပိုင်းကပဲ ပါရာဂွေးကလပ် Cerro Porteno ကနေ နောက်ခံလူ ဒီယေဂို လီယွန်ကို ပေါင် (၃)သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။ လီယွန်ဟာ အသင်းရဲ့ အမေရိကန် ရာသီကြိုခရီးစဉ်မှာ ပါဝင်ခဲ့ပြီး အသင်းကြီးရဲ့ ပွဲစဉ်လူစာရင်းမှာတောင် ပါဝင်လာခဲ့ပြီး ဖြစ်ပါတယ်။
Photo Credit : Tribuna
အေဒင် ဟေးဗန်း၊ ချီဒို အိုဘီတို့လို လူငယ်တွေအပြင် လီယွန်နဲ့ အခု အိုရိုဇ်ကိုတို့လို တောင်အမေရိက ကြယ်ပွင့်လောင်းတွေကို ဆက်တိုက်ခေါ်ယူနေခြင်းက အိုးထရက်ဖို့ဒ်ရဲ့ အနာဂတ်မျိုးဆက်သစ်ကို အားကောင်းအောင် တည်ဆောက်နေကြောင်း ပြသနေပါတယ်။
ပရီးမီးယားလိဂ์ပရိသတ်တွေအတွက် အိုရိုဇ်ကိုရဲ့ နာမည်က သိပ်မရင်းနှီးသေးပေမယ့် သူ့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် မကြာခင်မှာပဲ ယူနိုက်တက်ရဲ့ အနာဂတ်သရဖူမှာ အတောက်ပဆုံး စိန်ပွင့်တစ်ပွင့် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။