မနေ့ညက ကျင်းပခဲ့တဲ့ ဘာလွန်းဒေါဆုပေးပွဲမှာ အူစမန် ဒမ်ဘီလီက အနိုင်ရရှိသွားခဲ့ပြီးနောက်မှာ ဒီဆုအတွက် မဲပေးရွေးချယ်မှုဟာ အကြိတ်အနယ်မရှိခဲ့ဘဲ ပီအက်စ်ဂျီကြယ်ပွင့်က ဘာစီလိုနာလူငယ်လေး လာမင်း ယာမယ်လ်ကို အပြတ်အသတ် မဲရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ကြောင်း France Football မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဗင်းဆင့် ဂါစီယာက အတည်ပြုပြောကြားလိုက်ပါတယ်။
၂၀၂၄-၂၅ ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် သမိုင်းဝင် ဖလားသုံးလုံးအောင်မြင်မှုကို ရယူပေးနိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဒီဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲစုံမှာ (၃၅)ဂိုးသွင်း (၁၆)ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယာမယ်လ်ကလည်း ဘာစီလိုနာနဲ့အတူ ပြည်တွင်းဖလား (၃)လုံး ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
Photo Credit : Goal
အယ်ဒီတာချုပ် ဂါစီယာက “ဒီနှစ်မှာ ပြိုင်ဆိုင်မှုဆိုတာ မရှိခဲ့ပါဘူး။ အူစမန်က မဲအများအပြား ကွာခြားပြီး အနိုင်ရခဲ့တာပါ။ တိုက်ကြီးအားလုံးမှာ အူစမန် ဒမ်ဘီလီရဲ့ ဘာလွန်းဒေါဆုက ရှင်းလင်းပြီး ပြတ်သားလှပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒိုင်တွေအတွက် အခိုင်အမာဆုံး ဘာလွန်းဒေါဆုတစ်ခုပါပဲ။” လို့ ဆုပေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဒီရလဒ်အပေါ်မှာတော့ လာမင်း ယာမယ်လ်ရဲ့ ဖခင်ဖြစ်သူက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဒမ်ဘီလီ ဆုရသွားခြင်းဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ယာမယ်လ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ အသေအချာပဲလို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
Photo Credit : The Japan Times
မနေ့က ကစားခဲ့တဲ့ မာဆေးလ်နဲ့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ဒမ်ဘီလီဟာ လာမယ့် စနေနေ့ အော်ဇေးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ယာမယ်လ်ကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ကြာသပတေးနေ့ မှာ ကစားမယ့် အိုဗီယေဒိုနဲ့ပွဲစဉ်ကို လွဲချော်နိုင်ဖွယ် ရှိနေပါတယ်။