မနေ့ညက ပြုလုပ်ခဲ့တဲ့ France Football မဂ္ဂဇင်းရဲ့ ဘာလွန်းဒေါဆုပေးပွဲ အခမ်းအနားမှာ ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန် ဒမ်ဘီလီက ၂၀၂၅ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

သူဟာ ဒီဆုအတွက် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပြီး ဆုလက်ခံရယူချိန်မှာ မျက်ရည်တွေနဲ့အတူ စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ညဆုလက်ခံရယူပြီးနောက် ဒမ်ဘီလီက “ကျွန်တော့်အတွက် ဖြစ်ပျက်သွားခဲ့တာက မယုံနိုင်စရာကောင်းပြီး ထူးခြားလွန်းပါတယ်။ ပီအက်စ်ဂျီနဲ့အတူ အံ့မခန်းရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဆုဖလားကို အိမ်ယူသွားရမယ်ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။”

Photo Credit : The Independent

“၂၀၂၃ ခုနှစ်မှာ ကျွန်တော့်ကို လာခေါ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်း၊ အသင်းသားအားလုံး၊ မိသားစုတစ်ခုလိုဖြစ်နေတဲ့ ကလပ်အသင်း၊ ဥက္ကဌနဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် အဖေတစ်ယောက်လိုဖြစ်နေတဲ့ နည်းပြ လူးဝစ် အန်းနရီကေးကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒမ်ဘီလီက သူ့ရဲ့အသင်းဟောင်းတွေကိုလည်း မမေ့မလျော့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒေါ့မွန်နဲ့ ရန်းစ်အသင်းတို့ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တဲ့ ဘာစီလိုနာအသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာစီလိုနာမှာ မက်ဆီ၊ အင်နီယေစတာတို့နဲ့အတူ တွဲကစားခွင့်ရခဲ့ပြီး တကယ်ကို သင်ယူလေ့လာခဲ့ရတဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo Credit : CNN

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းနဲ့အတူ ပြည်တွင်းဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကိုပါ ရယူပေးနိုင်ခဲ့တာကြောင့် ဒီဆုနဲ့ ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နည်းပြ လူးဝစ် အန်းနရီကေးကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

သူ့ရဲ့ ပြင်သစ်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ကီလီယန် အမ်ဘာပေကလည်း ဒမ်ဘီလီအတွက် သူ့ရဲ့ Instagram မှာ “အူစမန် ဒမ်ဘီလီ။ ဒါ စိတ်လှုပ်ရှားမှုအစစ်ပဲ ညီလေး။ မင်း အကြိမ် (၁၀၀၀)ထိုက်တန်တယ်။” လို့ ရေးသားပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဘာပေဟာ ဆုမပေးခင်ကတည်းက ဒမ်ဘီလီသာ ဒီဆုကို ရသင့်တယ်လို့ ထုတ်ဖော်ထောက်ခံခဲ့သူ ဖြစ်ပါတယ်။