ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးယားက မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ဟာ သူ့ရဲ့ ဘောလုံးဆိုင်ရာ ယုံကြည်ချက်တွေကို ခေါင်းမာစွာ စွဲကိုင်နေတာကြောင့် ဒီတစ်ပတ်အတွင်းမှာပဲ အလုပ်ထုတ်ခံရနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ပြင်းပြင်းထန်ထန် သတိပေးပြောကြားလိုက်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ မနက်ဖြန် (စနေနေ့) မှာ ချယ်လ်ဆီးအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ရလဒ်တွေ ထပ်ပြီးဆိုးရွားခဲ့ပါက တန်းဆင်းဇုန်ထဲအထိ ရောက်ရှိသွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ယူနိုက်တက်ဟာ နှစ်ပေါင်း (၃၃)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်ကို ပိုင်ဆိုင်ထားပြီး (၄)ပွဲကစား (၄)မှတ်နဲ့ အဆင့် (၁၄)နေရာမှာ ရပ်တည်နေပေမယ့် နည်းပြ အာမိုရင်ကတော့ သူ့ရဲ့ ၃-၄-၃ ကစားကွက်ကိုပဲ ဆက်လက် အသုံးပြုသွားမှာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။

Photo Credit : TEAMtalk

ရှီးယားက ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို “လူကြီးနဲ့ ကလေး ကစားနေသလိုပဲ။” လို့ ညွှန်းဆိုခဲ့ပါတယ်။ သူက Betfair ကို “ပြီးခဲ့တဲ့တစ်ပတ် အီတီဟတ်မှာ သူတို့နှစ်သင်းကြား အရည်အချင်းကစားကွက် စိတ်ဓာတ်ပိုင်းနဲ့ ခင်ဗျားနာမည်တပ်ချင်တဲ့ အရာအားလုံးမှာ မိုင်ပေါင်းများစွာ ကွာခြားနေခဲ့တယ်။ ဒီတစ်ပတ်မှာ အဲ့ဒီလိုပုံစံမျိုးနဲ့ ထပ်အရှုံးခံလို့မရတော့ဘူးလို့ ကျွန်တော်ထင်တယ်။ တကယ်လို့ ထပ်ရှုံးခဲ့ရင်တော့ နည်းပြရဲ့အနာဂတ်အတွက် စိုးရိမ်ရတော့မှာပါ။”

“သူက သူ့ကစားကွက်နဲ့ပဲ သူသေသွားလိမ့်မယ်။ ဒါမှမဟုတ် သူလိုအပ်နေတဲ့ အောင်မြင်မှုကို ရယူသွားလိမ့်မယ်။ လောလောဆယ်မှာတော့ အခြေအနေက အရမ်းဆိုးရွားနေပြီး ကစားသမားအများစုကလည်း အဲ့ဒီကစားကွက်နဲ့ အံဝင်ပုံမရဘူး” လို့ ရှမိုက်ကယ်က သုံးသပ်ခဲ့ပါတယ်။

Photo Credit : TEAMtalk

Daily Mail သတင်းဌာနကလည်း ယူနိုက်တက်ကစားသမားအချို့ဟာ အာမိုရင်ရဲ့ ကစားပုံအပေါ်မှာ ဘယ်တုန်းကမှ သက်သောင့်သက်သာမရှိခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုမေးခွန်းထုတ်စရာဖြစ်စေခဲ့တာကတော့ သူတို့အငှားချခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ဘက်ကို (၂)ဂိုးသွင်းပြီး အသင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ခြင်းပါပဲ။

ယူနိုက်တက်ရဲ့ နောက်ထပ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ်ကလည်း ရှမိုက်ကယ်ရဲ့အမြင်ကို ထောက်ခံခဲ့ပါတယ်။ “မန်ယူနိုက်တက်က အဆင့် (၁၄)မှာရှိနေတယ်။ အောက်တိုဘာလထဲရောက်လို့မှ အသင်းက အဆင့် (၁၄) (၁၅)မှာပဲ ဆက်ရှိနေဦးမယ်ဆိုရင်တော့ နည်းပြက ဒုက္ခရောက်တော့မှာပဲ။ သူတို့ အမြန်ဆုံး နိုင်ပွဲတွေပြန်ရဖို့လိုပြီ။ နည်းပြအတွက် ကျွန်တော်စိုးရိမ်မိတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုပေါ့။ ထိတ်လန့်တကြားဖြစ်ရမယ့်အချိန်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ဒီဇာတ်ကားကို ကျွန်တော် အရင်ကတည်းက ကြည့်ဖူးပြီးသားပါ။” လို့ နဗီးလ်က အရင်နည်းပြတွေ ထုတ်ပယ်ခံခဲ့ရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး သူ့ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။