ဝါရင့်နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ လစ္စဘွန်းမြို့ကို ရောက်ရှိလာခဲ့ပြီးနောက်မှာ သူဟာ အသင်းရဲ့နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ဘင်ဖီကာအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ အဇာဘိုင်ချန်ကလပ် ကာရာဘက်အသင်းကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြ ဘရူနို လာ့ဂ်ကို ရာထူးမှ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အသက် (၆၂)နှစ်အရွယ် မော်ရင်ဟိုဟာ တူရကီကလပ် ဖီနာဘာချီအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာ တစ်လပင်မပြည့်သေးပါဘူး။
Photo Credit : O Blog do David
လစ္စဘွန်းမြို့ကို ဆိုက်ရောက်ပြီးနောက်မှာ သတင်းထောက်တွေကို မော်ရင်ဟိုက “ဘင်ဖီကာက ကျွန်တော့်ကို စိတ်ဝင်စားလားလို့ တရားဝင်မေးခဲ့ပါတယ်။ ဘင်ဖီကာလိုအသင်းကို ဘယ်နည်းပြက ငြင်းမှာလဲ? ကျွန်တော်တော့ မငြင်းဘူး။ဘင်ဖီကာကို နည်းပြဖို့ အခွင့်အရေးနဲ့ ကမ်းလှမ်းခံခဲ့ရတဲ့အချိန်မှာ ကျွန်တော် စိတ်ဝင်စားတယ်၊ ကျွန်တော်လုပ်ချင်ပါတယ်လို့ ပြောဖို့ လုံးဝမတွေဝေခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝကို ၂၀၀၀ ပြည့်နှစ်က ဘင်ဖီကာအသင်းနဲ့အတူ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အသင်းကို (၁၁)ပွဲသာ ကိုင်တွယ်ခဲ့ပြီး ကလပ်ဥက္ကဋ္ဌနဲ့ သဘောထားကွဲလွဲမှုဖြစ်ပွားပြီးနောက်မှာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ပြိုင်ဘက် ပေါ်တိုအသင်းနဲ့အတူ ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ဆုဖလား (၆)လုံးအထိ ရယူပြီး နာမည်ကျော်ကြားလာခဲ့တာဖြစ်ပြီး အဆိုပါဆုဖလားတွေထဲမှာ ၂၀၀၃-၀၄ ချန်ပီယံလိဂ်ဖလားလည်း ပါဝင်ခဲ့ပါတယ်။
Photo Credit : Sky Sports
၂၀၀၄ ခုနှစ်မှာ ပေါ်တူဂီကနေ ထွက်ခွာခဲ့ပြီးနောက်မှာတော့ မော်ရင်ဟိုဟာ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ် မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ် ဟော့စပါး၊ ရိုးမားနဲ့ ဖီနာဘာချီအသင်းတို့ကို ကိုင်တွယ်ခဲ့ပါတယ်။ ထူးခြားစွာပဲ မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၇)ရက်နေ့က ချန်ပီယံလိဂ် Play-off အဆင့်ကနေ ထွက်ခဲ့ရစဉ်က သူတို့ကို အနိုင်ယူခဲ့တဲ့အသင်းဟာ ဘင်ဖီကာအသင်းပဲ ဖြစ်ပါတယ်။
တကယ်လိုပ မော်ရင်ဟိုသာ ဘင်ဖီကာနည်းပြအဖြစ် ခန့်အပ်ခံရပါက သူဟာ လာမယ့် စက်တင်ဘာလ (၃၀) ရက်နေ့မှာ သူ့ရဲ့အသင်းဟောင်း ချယ်လ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်ဖီကာအသင်းဟာ ချန်ပီယံလိဂ် လိဂ်အဆင့်ပွဲစဉ်တွေအဖြစ် နယူးကာဆယ်၊ ရီးယဲလ် မက်ဒရစ်တို့လို အသင်းတွေနဲ့လည်း ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။