မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ စံနမူနာကိုယူပြီး သူတို့ရဲ့နည်းပြဟောင်းတစ်ဦးကို ပြန်လည်ခန့်အပ်သင့်ကြောင်း တိုက်တွန်းပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ် ယူနိုက်တက်ဟာ နည်းပြ ခရစ်စ် ဝိုင်လ်ဒါကို ဇွန်လက ထုတ်ပယ်ခဲ့ပြီးနောက်မှာ အခုတစ်ပတ်အတွင်း တတိယအကြိမ်မြောက်အဖြစ် ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ယူနိုက်တက်အသင်းကိုလည်း နည်းပြ ရူဘင် အာမိုရင်ကို ထုတ်ပယ်ပြီး အသင်းရဲ့ နည်းပြဟောင်းတစ်ဦးကို အမြန်ဆုံးပြန်ခေါ်ဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

ဒီတိုက်တွန်းမှုကို ပြုလုပ်ခဲ့သူကတော့ တော့တင်ဟမ် ဟော့စပါး ကစားသမားဟောင်း ဂျေမီ အိုဟာရာဖြစ်ပြီး သူက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာမိုရင်ရဲ့နေရာမှာ အိုးလ် ဂန်နာ ဆိုးလ်ရှားကသာ ယူနိုက်တက်အတွက် အသင့်တော်ဆုံးလူဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Goal

အိုဟာရာက talkSPORT မှာ “ဒါက ကျွန်တော်မြင်ဖူးသမျှ အဆိုးဆုံး မန်ချက်စတာ ယူနိုက်တက်အသင်းပဲ။ တကယ်ပြောတာ။ ရူဘင် အာမိုရင်ကို အခုအချိန်ထိ တာဝန်ပေးထားတုန်းဆိုတာ ကျွန်တော်မယုံနိုင်ဘူး။ ဘယ်အချိန်မှ သူတို့လက်လွှတ်မှာလဲ? သူတို့ ဘာလို့ ရှက်ဖီးလ် ယူနိုက်တက် လုပ်သလို မလုပ်နိုင်ရမှာလဲ? သူတို့ရဲ့မာနကို ခဝါချပြီး ‘ငါတို့ မှားသွားတယ်’ လို့ ဝန်ခံလိုက်ပေါ့။ အိုးလ် (ဂန်နာ ဆိုးလ်ရှား) ကို ပြန်ခေါ်လိုက်။ အိုးလ်ကို ပြန်ခေါ်လိုက်ပါ။ ဒီအတိုင်းဆက်သွားနေလို့မရဘူး။ သူတို့ တန်းဆင်းသွားလိမ့်မယ်။ နောက်ရာသီဆိုရင် ရော့သားဟမ်းလိုအသင်းနဲ့ ကစားနေရလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၁၄)နေရာမှာ ရပ်တည်နေပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း (၃၃)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်လည်း ဖြစ်ပါတယ်။ သတင်းတွေအရ အာမိုရင်ဟာ သူ့ရဲ့အလုပ်မပြုတ်ရေးအတွက် လာမယ့် (၃)ပွဲအတွင်း ရလဒ်ကောင်းတွေရဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက် (၄၀)အရွယ် ပေါ်တူဂီနည်းပြဟာ လာမယ့် စနေနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာကစားရမယ့်ပွဲစဉ်မှာ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး တကယ်လို့ သူ့ကို အလုပ်ထုတ်ခဲ့ပါက ယူနိုက်တက်အသင်းဘက်က ကြီးမားတဲ့ လျော်ကြေးငွေ ပေးချေရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်သူ ဆိုးလ်ရှားဟာ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် (၆)နေရာနဲ့ အဆင့် (၂)နေရာတွေအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သလို ၂၀၂၁ ခုနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့လကမှ တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ အိုဟာရာကတော့ ဆိုးလ်ရှားဟာ လက်ရှိနည်းပြ အာမိုရင်ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။