အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီက သူ့ရဲ့အသင်းဟောင်းဟာ လာမယ့် တနင်္ဂနွေနေ့ မှာ မန်ချက်စတာစီးတီးနဲ့ ကစားမယ့်ပွဲစဉ်မှာ သရေတစ်မှတ်နဲ့ ကျေနပ်မနေသင့်ကြောင်းနဲ့ ဒီရာသီမှာ ချန်ပီယံဆုကို မစိန်ခေါ်နိုင်ရင် ဘာအကြောင်းပြချက်မှ ပေးလို့မရတော့ကြောင်း ပြင်းပြင်းထန်ထန် တိုက်တွန်းပြောကြားလိုက်ပါတယ်။
မနေ့ညက ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ အက်သလက်တစ် ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၀-၂ နဲ့ အနိုင်ရခဲ့ပြီးနောက် CBS Sports ရဲ့ သုံးသပ်ချက်အစီအစဉ်မှာ အွန်နရီက အာဆင်နယ်ရဲ့ လူအင်အားနဲ့ ပတ်သက်ပြီး အခုလို ချီးကျူးခဲ့ပါတယ်။ “လက်ရှိအချိန်မှာ အာဆင်နယ်လောက် အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ ပြည့်စုံတဲ့အသင်း ဥရောပမှာ ဘယ်သူမှမရှိဘူးလို့ ကျွန်တော်ပြောရဲတယ်။ သူတို့မှာ အသင်းနှစ်သင်းစာလောက် ရှိနေတယ်။”
Photo Credit : BBC
“ဒီနေ့ည အရန်ခုံမှာထိုင်နေတဲ့သူတွေကို ကြည့်လိုက်ပါဦး။ အဲ့ဒါတောင် အိုဒီဂတ်၊ ကိုင် ဟားဗက်ဇ်၊ ဘူကာယို ဆာကာ၊ ဂါဘရီရယ် ဂျေးဇူးတို့လို ကစားသမားတွေ မပါသေးဘူး။ ဒီလူစာရင်းကို ကြည့်လိုက်ရင် ပြိုင်ပွဲအားလုံးမှာ ယှဉ်ပြိုင်ဖို့ အသင်းက အပြည့်အဝ အသင့်ဖြစ်နေပါပြီ။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။
ဒါပေမဲ့ အွန်နရီက ဒီလိုလူအင်အားမျိုးနဲ့ဆိုရင် အသင်းအနေနဲ့ ဒီရာသီမှာ ဆုဖလားတစ်လုံးခု ရယူနိုင်မှ ဖြစ်တော့မယ်လို့ အလေးအနက်ထား ပြောကြားခဲ့ပါတယ်။”ရိုးရိုးသားသားပြောရအောင်။ ဒီနှစ်မှာ တစ်ခုခုတော့ အနိုင်ရမှ ဖြစ်တော့မယ်။ ဒါက မဖြစ်မနေ လိုအပ်ချက်ပဲ။ ပုန်းကွယ်နေလို့ မရတော့ဘူး။ ဒဏ်ရာပြဿနာတွေအကြောင်းလည်း ပြောလို့မရတော့ဘူး။ တခြားကလပ်ကြီးတွေမှာလည်း ဒဏ်ရာပြဿနာတွေ ဖြစ်နေတာပဲ။ အခု ခင်ဗျားတို့မှာ လူစာရင်းရှိတယ်။ ခြေစွမ်းပြဖို့ လိုအပ်တာအားလုံး ရှိနေပြီ။ အကြောင်းပြချက် မရှိတော့ပါဘူး။” လို့ သုံးသပ်သွားခဲ့ပါတယ်။
Photo Credit : Metro
အွန်နရီက နည်းပြ အာတေတာရဲ့ ပွဲကြီးတွေမှာ မရှုံးနိမ့်ရေးကို အဓိကထားတဲ့ စိတ်ဓာတ်ကိုလည်း ဝေဖန်ခဲ့ပါတယ်။ “ခင်ဗျားက ချန်ပီယံဆုကို လိုချင်တယ်ဆိုရင် သွားပြီး အရယူရမှာ။ ပွဲမရှုံးအောင် ကစားနေရုံနဲ့ မရဘူး။ လီဗာပူးလ် ဒါမှမဟုတ် မန်စီးတီးကို အနိုင်ယူချင်ရင် သွားပြီးတိုက်စစ်ဆင်ရမှာ။ ‘မရှုံးအောင် အရင်ကစားမယ်’ ဆိုတဲ့ စိတ်နဲ့ ပွဲထဲဝင်လို့မရဘူး။ ကျွန်တော့်ခေတ်တုန်းကဆိုရင် မန်ယူကို အနိုင်ယူမှ ဖြစ်မှာ။ ‘သရေကျအောင် ကြည့်ကစားမယ်’ ဆိုပြီး ပြောလို့မရဘူး။” လို့ ဆိုလိုက်ပါတယ်။
ဒီလိုစိတ်ဓာတ်မျိုးကို ပြီးခဲ့တဲ့လက လီဗာပူးလ်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲစဉ်မှာသာမက အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရကြောင်း အထူးသဖြင့် ၂၀၂၄ ခုနှစ်က အက်စတွန် ဗီလာကို အိမ်ကွင်းမှာ ၀-၂ နဲ့ ရှုံးခဲ့တဲ့ပွဲစဉ်မှာ နည်းပြ အာတေတာက တိုက်စစ်မှူးတစ်ယောက်ထုတ်ပြီး ကွင်းလယ်ခံစစ်တစ်ယောက်ထည့်ခဲ့တာဟာ ပွဲမရှုံးနိမ့်ရေးကို စဉ်းစားခဲ့တဲ့ သက်သေဖြစ်ကြောင်း အွန်နရီက ထောက်ပြသွားခဲ့ပါတယ်။