မနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းတစ်ယောက် အောင်ပွဲကို စတိုင်ကျကျ ခံစားပြလိုက်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ အဖိုးတန်သုံးမှတ်ရရှိခဲ့တဲ့ အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ပွဲအကောင်းဆုံးကစားသမားဆု (Man of the Match) ဆုနဲ့အတူ စတိတ်သားကင် (Steak) ကို တွဲဖက်ပြီး “ညချမ်းလေးတစ်ခု ဖြစ်ပါစေ” ဆိုတဲ့စာသားနဲ့ လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတင်ပြီး ပြိုင်ဘက်ကို လှောင်ပြောင်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Evening Standard

ရာသီအဖွင့်မှာ (၂)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ထားလို့ ချန်ပီယံဆုအတွက် အရည်အချင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံနေရတဲ့ စီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ ခြေစွမ်းကောင်းတွေနဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။ နည်းပြ ပက်ပ် ဂွါဒီယိုလာဟာ ယူနိုက်တက်နဲ့ပွဲမှာ လူစာရင်းအပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဂိုးသမားသစ် ဂျန်လုဂျီ ဒွန်နာရမ်မာကို ပွဲဦးထွက်အဖြစ် အသုံးပြုခဲ့ရာမှာ အကောင်းဆုံးလက်စွမ်းပြပြီး ပေးဂိုးမရှိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကိုတော့ ဖီးလ် ဖိုဒန်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ဟာလန်းက သူ့ရဲ့ထုံးစံအတိုင်း အဆုံးသတ်သေချာလွန်းတဲ့ သွင်းဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် ဟာလန်းဟာ ဒီရာသီ (၄)ပွဲကစားရာမှာ (၅)ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ လက်ဝှေ့ချန်ပီယံဟောင်းဖြစ်သလို စီးတီးအသင်းရဲ့ ပရိသတ်ကြီးတစ်ဦးလည်းဖြစ်တဲ့ ရစ်ကီ ဟက်တန် ကွယ်လွန်သွားခဲ့တဲ့ ဝမ်းနည်းဖွယ်သတင်းကြောင့် စီးတီးအသင်းအတွက် စိတ်လှုပ်ရှားစရာ နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

စီးတီးအသင်းအတွက် ပွဲကြီးပွဲကောင်းတွေက ဆက်တိုက်ဆိုသလို ရောက်ရှိလာတော့မှာပါ။ ဒါဘီပွဲကရခဲ့တဲ့ အရှိန်အဟုန်ကို ယူဆောင်ပြီး လာမယ့် ကြာသပတေးနေ့ မှာ အသင်းရဲ့ကစားသမားဟောင်း ကီဗင် ဒီဘရိုင်း ဦးဆောင်တဲ့ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ မှာတော့ အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်စ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။