ရီးယဲလ် မက်ဒရစ် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက လာမယ့် အင်္ဂါနေ့မှာကစားမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မတိုင်ခင်မှာ မေဆန် ဂရင်းဝုဒ်ရဲ့ မာဆေးလ်အသင်းကို စိန်ခေါ်စကားဆိုလိုက်ပြီး သူဟာ မာဆေးလ်နဲ့တွေ့တိုင်း ဂိုးတွေအများကြီး သွင်းလေ့ရှိကြောင်း သတိပေးပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ဘာပေဟာ ၂၀၂၅-၂၆ ဥရောပရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် သူ့ရဲ့မွေးရပ်မြေ ပြင်သစ်ကလပ်အသင်းတစ်သင်းကို ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးမှာ ပရိသတ်တွေရှေ့မှောက် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
Photo Credit : PSG Talk
ဘာပေဟာ သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ ကစားသမားဘဝတစ်လျှောက်မှာ ချန်ပီယံလိဂ်ဖလားကို တစ်ခါမှ ဆွတ်ခူးရရှိဖူးခြင်း မရှိသေးပါဘူး။ ထူးခြားစွာပဲ သူက ပီအက်စ်ဂျီကနေ ရီးယဲလ်ကို ပြောင်းရွှေ့ပြီး တစ်နှစ်အကြာမှာပဲ ပြင်သစ်ထိပ်သီးကလပ်က ဒီဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားကြီးကို ရယူနိုင်ခဲ့တာကြောင့် ဘာပေတစ်ယောက် ဒီဆုဖလားအပေါ်မှာ အလွန်ဆာလောင်နေမှာ သေချာပါတယ်။
ရီးယဲလ်အသင်းကလည်း ဒီရာသီမှာ ဥရောပကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် ဘာပေကို ရှေ့ကနေဦးဆောင်စေပြီး အားခဲထားပါတယ်။ သူဟာ ရာသီသစ်အဖွင့် (၄)ပွဲမှာ (၄)ဂိုးအထိ သွင်းယူထားနိုင်ပြီး ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ အခုတော့ သူဟာ ချန်ပီယံလိဂ်အတွေ့အကြုံနည်းပါးသေးတဲ့ မာဆေးလ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး အမ်ဘာပေဟာ ဒီပြိုင်ဘက်အပေါ်မှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ မိုနာကိုနဲ့ ပီအက်စ်ဂျီကစားသမားဘဝတုန်းက မာဆေးလ်နဲ့ (၁၅)ပွဲ ရင်ဆိုင်ခဲ့ရာမှာ (၁၀)ဂိုးသွင်း (၃)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : The Washington Post
ဘာပေက Telefoot နဲ့ တွေ့ဆုံရာမှာ “မာဆေးလ်နဲ့တွေ့ရင် ကျွန်တော် အမြဲတမ်း ဂိုးတွေအများကြီး သွင်းလေ့ရှိပါတယ်။ သူတို့က ပရောဂျက်အသစ်နဲ့ အများကြီးပြောင်းလဲသွားပြီ။ သူတို့ရဲ့ ဘောလုံးဒါရိုက်တာ မယ်ဒီ (ဘီနာတီယာ)က ကျွန်တော့်သူငယ်ချင်းပါ။ ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။ ပြင်သစ်အသင်းတွေနဲ့ ပြန်တွေ့ရတာ ကောင်းပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က အိမ်ကွင်း ဘာနေဗျူးမှာ ကစားရမှာလေ။ သူတို့ ချန်ပီယံလိဂ်မကစားရတာ အချိန်အတော်ကြာပြီဆိုတော့ သူတို့နဲ့ ပြန်ကစားရတာ ပျော်စရာကောင်းမှာပါ။ အမှတ်တရကောင်းတွေကို ပြန်သတိရစေမှာပါ။” လို့ သူက ဆိုပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့တစ်ပတ်က ရီးယဲလ် ဆိုစီဒက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ မာဆေးလ်နဲ့ပွဲအပြီးမှာတော့ သူတို့အသင်းဟာ လာမယ့် weekend မှာတော့ အက်စပန်ညိုအသင်းနဲ့ လာလီဂါပွဲစဉ်အဖြစ် အိမ်ကွင်းမှာပဲ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။