မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီညကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် အီတီဟတ်ကွင်းကြီးဆီကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြနှစ်ဦးစလုံးဟာ သူတို့ရဲ့ရာသီကို ပြန်လည်စတင်နိုင်ဖို့အတွက် ဒီပွဲရဲ့ရလဒ်ကို အသည်းအသန် လိုအပ်နေကြပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်က ဒီညကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်မှာ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာထက် သူက ပိုပြီးဖိအားများနေကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းဟာ အဆင့် (၉)နေရာမှာရှိနေပြီး အဆင့် (၁၃)က မန်စီးတီးအသင်းရဲ့အထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ ယူနိုက်တက်အသင်းက ဒါဘီပွဲမတိုင်ခင် စီးတီးအသင်းထက် အမှတ်ပေးဇယားအဆင့် ပိုမြင့်တဲ့နေရာမှာ ရှိနေခြင်းလည်း ဖြစ်ပါတယ်။

Photo Credit : BBC

ဒါပေမဲ့ အာမိုရင်က ဂွါဒီယိုလာဟာ (၉)နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူထားတဲ့ အောင်မြင်မှုမှတ်တမ်းကြီးကို ပိုင်ဆိုင်ထားတာကြောင့် သူ့လိုဖိအားမျိုးနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ ဟာသတစ်ခုသာဖြစ်ကြောင်း ရယ်မောပယ်ချခဲ့ပါတယ်။ “ကျွန်တော်က နေ့တိုင်း သက်သေပြနေရတာပါ။ လုံးဝ နှိုင်းယှဉ်လို့မရပါဘူး။ အဲ့ဒီလူက အမြဲတမ်းအနိုင်ရနေတဲ့သူပါ။ သူသာ အနိုင်မရတော့ဘူးဆိုရင်တောင် အေးအေးဆေးဆေး အနားယူလို့ရတယ်။ ကျွန်တော်ကတော့ ဒီမှာ နေ့တိုင်း ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြနေရပြီး အဲ့ဒီခံစားချက်ကိုလည်း သိပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကိုရောက်လာတဲ့နေ့တိုင်းမှာ ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ နေသားကျနေပါပြီ။”

“ကျွန်တော့်ကို ဂွါဒီယိုလာရဲ့အခြေအနေနဲ့ နှိုင်းယှဉ်တာက ဟာသတစ်ခုပါပဲ။ ကျွန်တော်တို့မှာ ပိုကြီးမားတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ကျွန်တော်တို့မှာ ပြဿနာကြီးတွေ ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ အရာအားလုံးကို ဖြေရှင်းနေပါတယ်။ တခါတလေ စိတ်ပျက်ဒေါသထွက်မိပေမယ့် ပြဿနာအားလုံးကို ရင်ဆိုင်ပြီး တိုးတက်အောင် ကြိုးစားနေပါတယ်။ အခုဆိုရင် အသင်းက ပိုကောင်းကောင်း ကစားလာတာကို ကျွန်တော်မြင်နေရပါပြီ။ ပွဲတွေပိုနိုင်ဖို့အတွက် ပိုပြီး ဂိုးသွင်းသေချာဖို့ပဲ လိုအပ်တော့တာပါ” လို့ အာမိုရင်က ဆိုပါတယ်။

Photo Credit : Sky Sports

အာမိုရင်ဟာ ပြီးခဲ့တဲ့ရာသီက ဂွါဒီယိုလာကို နှစ်ကြိမ်တိုင်တိုင် အနိုင်ယူခဲ့ဖူးပါတယ်။ စပို့တင်း လစ္စဘွန်းနည်းပြဘဝက ၄-၁ နဲ့ အနိုင်ရခဲ့သလို ယူနိုက်တက်နည်းပြ ဖြစ်လာပြီးနောက်မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက စီးတီးကွင်းမှာ နောက်ကျဂိုးတွေနဲ့ အနိုင်လုယူခဲ့တဲ့ ဒါဘီပွဲစဉ်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အဆိုပါနိုင်ပွဲရခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို အဆင့် (၁၅)နေရာနဲ့သာ အဆုံးသတ်ခဲ့ရပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း (၅၁)နှစ်အတွင်း အနိမ့်ဆုံးလိဂ်ရပ်တည်မှုလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ အခု ရမှတ် (၄)မှတ် ရှိပါတယ်။ ဒီထက်ပိုရသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်ကို ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန် ကစားဖို့လိုပါတယ်။ ဒီပွဲက ဒီမှာရှိနေတဲ့လူတိုင်းအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက်ပေါ့။ ဒါကြောင့် အကောင်းဆုံးကြိုးစားသွားမှာပါ” လို့ အာမိုရင်က ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။