မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကိုဘီဘီ မိန်းနူးဟာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ လက်ရှိအခြေအနေမှာ မပျော်မရွှင်ဖြစ်နေကြောင်း နည်းပြ ရူဘင် အာမိုရင်က ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီနည်းပြက ဒီလူငယ်လေးဟာ မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်ဆိုတာကို လုံးဝသံသယမရှိကြောင်း ပီအက်စ်ဂျီ ကွင်းလယ်လူ ဗီတင်ညာနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကပဲ မိန်းနူးဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီမှာ ယူနိုက်တက်အတွက် (၃၂)ပွဲအထိ ပါဝင်ကစားပြီး ခြေစွမ်းပြခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြအာမိုရင်ရဲ့ လက်အောက်မှာတော့ မိုင်နူးတစ်ယောက် နေရာပျောက်ဆုံးနေခဲ့ပါတယ်။ ရာသီအဖွင့် ပရီးမီးယားလိဂ် (၃)ပွဲစလုံးမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ အရန်ခုံကနေ တစ်ကြိမ်သာ ဝင်ကစားခဲ့ရပါတယ်။
Photo Credit : Goal
မိုင်နူးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အာမိုရင်က “သူက သူ့နေရာအတွက် တိုက်ပွဲဝင်ရတာကို အသားမကျသေးလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ မပျော်မရွှင်ဖြစ်နေပေမယ့် သူက ကလေးကောင်းတစ်ယောက်ပါ။ သင်ယူချင်စိတ်ရှိပါတယ်။ညကျွန်တော် ဗီတင်ညာကို မှတ်မိပါသေးတယ်။ သူ ဝုဗ်လ်အသင်းမှာ ကစားတုန်းက ပွဲထွက်ခွင့်မရခဲ့ဘူး။ အခုချိန်မှာတော့ ဗီတင်ညာက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကောင်းဖြစ်နေနိုင်ပြီ။ ဒါကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။” လို့ အာမိုရင်က ဗီတင်ညာရဲ့ ဥပမာကိုပေးပြီး ရှင်းပြခဲ့ပါတယ်။
“ကျွန်တော့်ကစားပုံက အရင်နည်းပြနဲ့ လုံးဝကွဲပြားပါတယ်။ အရင်က ယူနိုက်တက်က တန်ပြန်တိုက်စစ်ကို အဓိကထားကစားပြီး မိန်းနူးက ပွဲကိုအရှိန်လျှော့ပေးနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တယ်။ အခု ကျွန်တော်တို့မှာ ပွဲကိုအရှိန်လျှော့ပေးနိုင်တဲ့ တခြားကစားသမားတွေ ရှိနေပြီ။ တစ်ခါတလေ ကျွန်တော်က မိန်းနူးဆီကနေ ဒီထက်ပိုပြီး မျှော်လင့်မိတယ်။” လို့ ပြောဆိုုခဲ့ပါတယ်။
Photo Credit : ESPN
အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်တွေမှာ မိန်းနူးရဲ့ အနာဂတ်ဟာ မရေမရာဖြစ်ခဲ့ပါတယ်။ အာမိုရင်ရဲ့ အစီအစဉ်မှာ အရေးပါတဲ့နေရာကနေ ပါဝင်မှာမဟုတ်မှန်း သိသာလာချိန်မှာ သူကိုယ်တိုင်က အသင်းပြောင်းဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ စပါး၊ ရီးရဲလ် မက်ဒရစ်၊ အက်သလက်တီကို မက်ဒรစ်တို့လို အသင်းကြီးတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် ယူနိုက်တက်အသင်းက အငှားထွက်ခွာခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်း မရှိပါဘူး။
မိန်းနူးဟာ လာမယ့်နှစ် ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ ပွဲထွက်ခွင့် ပုံမှန်ရတဲ့အသင်းတစ်သင်းကို ပြောင်းရွှေ့လိုနေဆဲဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ သူသာ နည်းပြ အာမိုရင်ရဲ့ ကစားကွက်မှာ သူ့အရည်အချင်းကို သက်သေပြနိုင်ခဲ့ရင်တော့ အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါသေးတယ်။