အာဆင်နယ်အသင်းရဲ့ ပေါင် (၆၃.၅)သန်းတန် တိုက်စစ်မှူးသစ် ဗစ်တာ ယော်ကယ်ရက်စ်ရဲ့ အမှတ်တံဆိပ်ဖြစ်နေတဲ့ ‘Mask’ အောင်ပွဲခံမှုဟာ ဘောလုံးလောကကို ကျော်လွန်ပြီး အခြားအားကစားလောကတွေအထိ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ကင်မရွန်းနိုင်ငံသား ပြေးခုန်ပစ် အားကစားသမား အီမန်နျူရယ် အက်စ်မေးက အဲ့ဒီအောင်ပွဲခံမှုကို “ပင်လယ်ဓားပြ မျက်နှာဖုံး” လို့ နာမည်သစ်ပေးပြီး သူ့ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။

BBC Sport ရဲ့ ဖော်ပြချက်အရ အက်စ်မေးက ယော်ကယ်ရက်စ်ရဲ့ အောင်ပွဲခံမှုရဲ့ မူလအဓိပ္ပာယ်ကို သူ မသိရှိခဲ့တာကြောင့် ကိုယ်ပိုင်အဓိပ္ပာယ် ဖန်တီးခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ “ပင်လယ်ဓားပြ မျက်နှာဖုံး” လို့ နာမည်ပေးလိုက်ခြင်းက သူ့ရဲ့ အားကစားသမားဘဝ ရည်မှန်းချက်တွေကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

Photo Credit : Coventry Telegraph

“ပင်လယ်ဓားပြတွေ တစ်နေရာရာကို သွားတဲ့အခါ သူတို့က အဲ့ဒီနေရာက အရာရာတိုင်းရဲ့ အဖြစ်အပျက်တွေကို ပြောင်းလဲပစ်ကြတယ်။ ကျွန်တော်လည်း ပြေးခုန်ပစ်လောကမှာ အဲ့ဒီလိုပဲ လုပ်ဆောင်နေတယ်လို့ ယုံကြည်ပါတယ်” လို့ အက်စ်မေးက ပြောကြားခဲ့ပါတယ်။

ယော်ကယ်ရက်စ်ဟာ ဒီအောင်ပွဲခံမှုကို အင်္ဂလန် ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီစီးတီးမှာ ကစားစဉ်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှာ (၂)ရာသီအတွင်း (၉၇)ဂိုးအထိ သွင်းယူခဲ့ချိန်မှာတော့ သူ့ရဲ့ဂိုးသွင်းကြမ်းမှုရဲ့ ပြယုဂ်တစ်ခုအဖြစ် အထူးကျော်ကြားလာခဲ့ပါတယ်။ နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရဖို့ သူကိုယ်တိုင် တွန်းအားပေးခဲ့ပြီးနောက် အမ်းမရိတ်စ်မြေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Hayters

အာဆင်နယ်ပရိသတ်တွေကတော့ လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲဦးထွက်မှာ (၂)ဂိုးသွင်းယူခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးဆီကနေ ဒီ Mask အောင်ပွဲခံမှုကို ဒီရာသီမှာ အကြိမ်ပေါင်းများစွာ မြင်တွေ့လိုနေကြပါတယ်။

နိုင်ငံတကာပွဲစဉ်တွေပြီးနောက် အာဆင်နယ်အသင်းဟာ ယနေ့ စနေနေ့လယ် မှာ နော်တင်ဟမ် ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး လာမယ့်သီတင်းပတ်လယ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဘီလ်ဘာအိုအသင်းနဲ့၊ စက်တင်ဘာ (၂၁)ရက်နေ့မှာတော့ မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်ကစားရမှာပါ။ ဒီလိုပွဲကြီးပွဲကောင်းတွေမှာ အသင်းအတွက် အပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်ဖို့ ယော်ကယ်ရက်စ်ကို ခေါ်ယူခဲ့မှန်း သူကိုယ်တိုင်လည်း ကောင်းကောင်းသိရှိထားမှာ သေချာပါတယ်။