ရီးယဲလ် မက်ဒရစ်အသင်းဟာ လီဗာပူးလ်နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်မှုမြင့်တက်နေကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ အန်ဖီးလ်ကွင်းမှာ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်နောက်ခံလူရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးယဲလ်ရဲ့ တာဝန်ရှိသူတွေကြားမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီဖြစ်ပြီး ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီလို့ ယုံကြည်နေကြကြောင်း သိရပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းဟာ ကိုနာတေးရဲ့အခြေအနေကို ထရန့် အလက်ဇန်ဒါး အာနိုးလ်ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းနဲ့ ဆင်တူတဲ့လမ်းကြောင်းအတိုင်း ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ အာနိုးလ်ဟာ ရီးယဲလ်နဲ့ နှစ်ပေါင်းများစွာ သတင်းတွေ ထွက်ခဲ့ပြီးနောက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆန်တီယာဂို ဘာနေဗျူးဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
Photo Credit : TEAMtalk
ပြီးခဲ့တဲ့နှစ်က အာနိုးလ်ရဲ့အပြောင်းအရွှေ့သတင်းကို စတင်ဖော်ထုတ်ခဲ့တဲ့ သတင်းရင်းမြစ်တွေကပဲ အခု ကိုနာတေးရဲ့အပြောင်းအရွှေ့ကိစ္စကို ရီးယဲလ်ရဲ့ အကြီးတန်းအရာရှိတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြပြီဖြစ်ကြောင်း ထပ်မံဖော်ထုတ်လိုက်တာပါ။ တစ်ဖက်မှာတော့ လီဗာပူးလ်အသင်းဟာ ကိုနာတေးနဲ့ စာချုပ်သစ်ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် အခုအချိန်အထိ ဘာသဘောတူညီမှုမှ မရရှိသေးပါဘူး။
ဒီအခြေအနေကို ပိုမိုပြင်းထန်သွားစေခဲ့တာကတော့ ကိုနာတေးကိုယ်တိုင် ပြင်သစ်ရုပ်သံတစ်ခုမှာ “ကီလီယန် အမ်ဘာပေက သူ့ကို ရီးယဲလ်အသင်းဆီလာဖို့ နှစ်နာရီခြားတစ်ခါ ဖုန်းခေါ်နေတယ်” လို့ နောက်ပြောင်ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါဟာ ဟာသတစ်ခုသာဖြစ်ပေမယ့် မတည်ငြိမ်မှုတွေကိုတော့ ဖြစ်ပေါ်စေခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီလ (၁)ရက်နေ့ကစပြီး တခြားနိုင်ငံက ကလပ်အသင်းတွေဟာ ကိုနာတေးကို တရားဝင်ချဉ်းကပ်ခွင့်ရှိလာမှာဖြစ်လို့ ဒီအပြောင်းအရွှေ့သတင်းတွေက ပိုမိုကျယ်လောင်လာတော့မှာ သေချာပါတယ်။
Photo Credit : The Liverpool Offside
ကိုနာတေးရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးလ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စာချုပ်သစ်ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့် ဘာတိုးတက်မှုမှ မရှိသေးပါဘူး။ ဥရောပချန်ပီယံ (၁၅)ကြိမ်ဖြစ်ထားတဲ့ ရီးယဲလ်ကတော့ အသက် ၂၆ နှစ်အရွယ် နောက်ခံလူကို အယ်ဒါ မီလီတာအိုရဲ့ ရေရှည်တွဲဖက်တစ်ဦးအဖြစ် ရှုမြင်ထားပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့ကတော့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရစေဖို့ ဇန်နဝါရီလမတိုင်ခင်မှာ ကိုနာတေးရဲ့အနာဂတ်ကို အပြီးသတ်နိုင်ဖို့ ဖိအားပေးကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။ ရီးယဲလ်အသင်းကတော့ ဆုဖလားအောင်မြင်မှုတွေနဲ့ မြင့်မားတဲ့လစာကိုပေးပြီး ကစားသမားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လောလောဆယ်မှာတော့ ကိုနာတေးဟာ ဆုံးဖြတ်ချက်မချရသေးပေမယ့် လာမယ့်လအနည်းငယ်ဟာ သူ့ရဲ့ကစားသမားဘဝနဲ့ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းအစီအစဉ်တွေအတွက် အလွန်အရေးပါတဲ့ အချိန်ကာလတစ်ခု ဖြစ်လာမှာ သေချာပါတယ်။