မန်ချက်စတာ စီးတီးနည်းပြချုပ် ပက်ပ် ဂွါဒီယိုလာဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ် ထပ်မံရယူနိုင်တော့မှာ မဟုတ်ကြောင်းနဲ့ သူချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ဟာ လူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့သက်သက်သာဖြစ်ကြောင်း အသင်းရဲ့ ကွင်းလယ်လူဟောင်း ဒစ်မာ ဟာမန်းက ပြင်းပြင်းထန်ထန် သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အီတီဟတ်ကွင်းမှာ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၂၄-၂၅ ရာသီမှာ အဓိကဆုဖလားကြီးတစ်ခုမှ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မန်ချက်စတာမှာ ၉ နှစ်ကြာ တာဝန်ယူပြီးနောက်မှာ ဂွါဒီယိုလာတစ်ယောက် အမြင့်ဆုံးစံနှုန်းတွေကို ဆက်ထိန်းထားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေဟာ ဒီရာသီအစမှာ စီးတီးအသင်း ရမှတ်တွေ ကျဆင်းနေချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။

Photo Credit : Goal

GOAL သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဟာမန်းက “သူ (ဂွါဒီယိုလာ) က နောက်နွေရာသီမှာ ထွက်ခွာသွားနိုင်မလားဆိုတော့ ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစကားကို ကျွန်တော် မနှစ်ကတည်းက ပြောခဲ့တာဖြစ်ပြီး သူအခုအချိန်ထိ ရှိနေသေးတာကိုတောင် အံ့ဩမိတယ်။ ဘာလို့လဲဆိုတော့ အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိစမြဲပါပဲ။ သူတို့အသင်းက နောက်ဆုံးနှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲလာခဲ့တယ်၊ ကစားသမားသစ်တွေ ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ အသင်းမှာ နှစ်အတော်ကြာရှိနေတဲ့ ကစားသမားတွေလည်း ရှိနေတုန်းပဲ။ သူတို့အတွင်းက မီးကို ပြန်တောက်လောင်စေဖို့ လိုအပ်ပါတယ်။ သူက ဒီမှာ အချိန်အကြာကြီးရှိနေခဲ့ပြီဖြစ်လို့ သူ့မှာ အဲဒီလိုလုပ်နိုင်စွမ်း ရှိနေသေးရဲ့လားဆိုတာ ကျွန်တော်မထင်ပါဘူး။”

“ကျွန်တော် နွေရာသီကတည်းက ပြောခဲ့တယ်။ သူသာ အဓိကဆုဖလားကြီးတစ်ခု ထပ်ရခဲ့ရင် ကျွန်တော်အံ့ဩမိမှာပဲ။ ကျွန်တော်တော့ သူရလိမ့်မယ်လို့ မထင်ဘူး။ ပရီးမီးယားလိဂ်ဖြစ်ဖြစ် ချန်ပီယံလိဂ်ဖြစ်ဖြစ် သူထပ်ရတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ လိဂ်ဖလား ဒါမှမဟုတ် အက်ဖ်အေဖလားလောက်တော့ အခွင့်အရေးရှိနိုင်ပေမယ့် အဓိကဆုဖလားကြီးနှစ်ခုကိုတော့ သူရနိုင်တော့မှာ မဟုတ်ပါဘူး။” လို့ ဟာမန်းက သုံးသပ်ခဲ့ပါတယ်။

Photo Credit : BBC

ဟာမန်းက ဂွါဒီယိုလာရဲ့ စာချုပ်သစ်နဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်ထင်တယ်၊ သူ့ရဲ့စာချုပ်သစ်ကို မနှစ်က ချုပ်ခဲ့တာက အခြေအနေတွေ ပြေပြေလည်လည်ဖြစ်သွားအောင် လူတွေကို တိတ်ဆိတ်သွားအောင် ‘သူထွက်သွားသင့်ပြီ’ လို့ ပြောနေတဲ့လူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ အသင်းက သူ့ကို အလုပ်ထုတ်လိမ့်မယ်လို့တော့ မထင်ဘူး၊ ဒါပေမဲ့ နောက် (၂)နှစ်အကြာမှာ သူသာ ဒီနေရာမှာ ရှိနေသေးရင်တော့ ကျွန်တော် တော်တော်အံ့ဩမိမှာပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့မှာ စံချိန်ပေါင်းများစွာ ချိုးဖျက်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ နောက်ထပ်နည်းပြဘဝက နိုင်ငံတကာအသင်းတစ်သင်းကို ကိုင်တွယ်တာမျိုး ဖြစ်နိုင်မလားလို့ မေးမြန်းရာမှာတော့ ဟာမန်းက “အဲ့ဒါက ဖြစ်နိုင်ခြေအများဆုံးပါပဲ။ သူက အင်္ဂလန်က တခြားကလပ်တစ်ခုကို ကိုင်တွယ်တော့မှာ မဟုတ်ဘူး။ ဂျာမနီကို ပြန်လာမလား? ဘိုင်ယန်မြူးနစ်တစ်ခုပဲရှိတယ်၊ အဲ့ဒါလည်း သိပ်မဖြစ်နိုင်ဘူး”

“သူက အခု အသက် (၅၀)ကျော်ပြီဆိုတော့ နိုင်ငံတကာဘောလုံးလောကက သူ့အတွက် ဖြစ်နိုင်ခြေအများဆုံးပါပဲ။ ဒါပေမဲ့ အရင်ဆုံး သူအနားယူလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ [ယာဂန်] ကလော့ပ်တောင် (၈)နှစ်၊ (၉)နှစ်အကြာမှာ ‘ကျွန်တော် အနားယူဖို့လိုပြီ’ လို့ ပြောခဲ့တယ်။ သူက ကလော့ပ်ထက်တောင် အချိန်ပိုကြာကြာလုပ်ခဲ့ပြီး ပိုပြီးတော့တောင် ပြင်းထန်တဲ့သူပါ။ ဒါကြောင့် သူအရင်ဆုံး အနားယူပြီးမှ သူ့ရဲ့ဝန်ဆောင်မှုကို လိုချင်တဲ့ နိုင်ငံအသင်းတွေ အများကြီးရှိနေမှာ သေချာပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။