ဂျာမနီဘောလုံး Legand ကြီး မိုက်ကယ် ဘားလက်က ဂျာမန်ကွင်းလယ်ကြယ်ပွင့် ဖလိုရီယန် ဗက်ဇ်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို မပြောင်းရွှေ့ဘဲ လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံလိုက်ပြီး ဘိုင်ယန်ကိုပြောင်းခြင်းက သူ့ရဲ့တိုးတက်မှုအတွက် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လက အသက် (၂၂)နှစ်အရွယ် ဗက်ဇ်ကို ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နဲ့အပြိုင် ကြိုးပမ်းခဲ့ပြီး ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၆)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗက်ဇ်ဟာ ပရီးမီးယားလိဂ် (၃)ပွဲကစားပြီးချိန်အထိ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိ နိုင်ငံတကာပွဲစဉ်ကာလအတွင်းမှာတော့ ဂျာမနီအသင်းက မြောက်အိုင်ယာလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အံ့မခန်းလှပတဲ့ ဖရီးကစ်သွင်းဂိုးကို သွင်းယူပြီး သူ့ရဲ့အရည်အသွေးကို ပရိသတ်တွေကို ပြန်လည်သတိပေးနိုင်ခဲ့ပါတယ်။
Photo Credit : The Empire of The Kop
လေဗာကူဆင်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ကိုယ်တိုင် ပြောင်းရွှေ့ခဲ့ဖူးတဲ့ ဘားလက်ကိုယ်တိုင်က ဗက်ဇ်ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးနိုင်ပြီး ပရီးမီးယားလိဂ์်နဲ့ ဘွန်ဒက်စ်လီဂါကြားက ကြီးမားတဲ့ကွာဟချက်ကို အခုလို ထောက်ပြခဲ့ပါတယ်။ “ဗက်ဇ်အနေနဲ့ ဘိုင်ယန်မှာ နောက်ထပ် (၂)နှစ် (၃)နှစ်လောက် ဘွန်ဒက်စ်လီဂါမှာ ဆက်ကစားတာက သူ့ရဲ့တိုးတက်မှုအတွက် အဓိပ္ပာယ်ရှိပါ့မလား” လို့ ဘားလက်က Sport Bild သတင်းစာကို မေးခွန်းထုတ်ခဲ့ပါတယ်။
“ဟုတ်ပါတယ်၊ သူအဲ့ဒီမှာ ချန်ပီယံဆုတွေတော့ ရမှာပေါ့။ ဒါပေမဲ့ ဘွန်ဒက်စ်လီဂါက သူ့အတွက် အမြင့်ဆုံးအဆင့်မှာရှိတဲ့ အဆုံးစွန်စိန်ခေါ်မှုတစ်ခု ဟုတ်ပါသေးရဲ့လား? မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဘွန်ဒက်စ်လီဂါက ပရီးမီးယားလိဂ်ရဲ့နောက်မှာ နှစ်ပေါင်းများစွာ ကျန်နေခဲ့ပြီ။ ဒါက အမှန်တရားပဲ။ ဒါကြောင့်လည်း ထိပ်တန်းကစားသမားတွေအတွက် ဆွဲဆောင်မှုမရှိတော့တာပေါ့။” လို့ သူက ဆိုပါတယ်။
Photo Credit : Kicker
ဘားလက်ရဲ့ မှတ်ချက်စကားတွေဟာ ဘိုင်ယန်နည်းပြ ဗင်းဆင့် ကွန်ပနီရဲ့ ပြောစကားတွေနဲ့လည်း ထပ်တူကျနေပါတယ်။ ဘိုင်ယန်အသင်းဟာ စတုဂတ်တိုက်စစ်မှူး နစ်ခ် ဗောတီမာဒါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နယူးကာဆယ်အသင်းက ပေါင် (၆၅)သန်းနဲ့ ကြားဖြတ်ခေါ်ယူသွားခဲ့တာကို ကွန်ပနီက နမူနာပေးပြီး ပရီးမီးယားလိဂ်ရဲ့ ငွေကြေးအင်အားကို အခုလို ညည်းတွားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဘွန်ဒက်စ်လီဂါကနေ ပရီးမီးယားလိဂ်ကို ဘယ်လောက်တောင် ထိပ်တန်းကစားသမားတွေ ပြောင်းသွားလဲ၊ ဘယ်လောက်များတဲ့ ငွေကြေးတွေ စီးဆင်းနေလဲဆိုတာ ကြည့်လိုက်ရင် အများကြီး သက်သေပြနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကြောက်စရာကောင်းတဲ့ အခွင့်အရေးတွေ ရှိနေတယ်။ နယူးကာဆယ်ဆိုတာ ကောင်းတဲ့ကလပ်တစ်ခုပါ၊ ဒါပေမဲ့ ထိပ်ဆုံးအဆင့်မှာ မရှိသေးဘူး။ အဲ့ဒီမှာ လည်ပတ်နေတဲ့ ငွေပမာဏက အရမ်းများတယ်။ အရည်အသွေးရှိတဲ့ ကစားသမားတွေရော၊ ငွေတွေရော ပရီးမီးယားလိဂ်ဆီကို စီးဝင်နေပါတယ်” လို့ ကွန်ပနီက ဝန်ခံပြောကြားခဲ့ပါတယ်။