ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသက် (၄၀)အရွယ်မှာတောင် အကောင်းဆုံးဖြစ်လိုစိတ် ပြင်းပြနေဆဲဖြစ်ကြောင်း နည်းပြချုပ် ရောဘတ်တို မာတီနက်ဇ်က ချီးကျူးပြောကြားလိုက်ပြီး အသင်းအတွက် သူ့ရဲ့အတွေ့အကြုံတွေက ဘယ်လောက်တန်ဖိုးရှိကြောင်း ရှင်းပြခဲ့ပါတယ်။ ယနေ့ အင်္ဂါနေ့ညမှာ ဟန်ဂေရီအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ ပေါ်တူဂီအသင်းအတွက် ရော်နယ်လ်ဒိုဟာ အဓိက ကစားသမားအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အာမေးနီးယားအသင်းကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲအဖွင့်ပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးတွေကြောင့် သူ့ရဲ့ကစားသမားဘဝ ကလပ်နဲ့ နိုင်ငံအတွက် စုစုပေါင်းသွင်းဂိုးဟာ (၉၄၂)ဂိုးအထိ ရှိလာခဲ့ပြီး ပေါ်တူဂီအတွက် သွင်းဂိုးကတော့ ဂိုး(၁၄၀) ရှိသွားပြီ ဖြစ်ပါတယ်။
Photo Credit : Fotmob
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အသက် (၄၀)ပြည့်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အနားယူဖို့ အရိပ်အယောင်မပြသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတောင် မျက်စောင်းထိုးနေဆဲပါ။ ဒါ့အပြင် သူ့ရဲ့ကလပ်အသင်း အယ်လ်နာဆာနဲ့လည်း ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။ ဒါပေမဲ့ နည်းပြ မာတီနက်ဇ်က ရော်နယ်လ်ဒိုရဲ့ အကြီးမားဆုံးပန်းတိုင်ဟာ ကမ္ဘာ့ဖလားဆုကြီးဖြစ်တယ်ဆိုတာကို ငြင်းဆန်ခဲ့ပြီး ရော်နယ်ဒိုဟာ ရေတိုပန်းတိုင်တွေကိုသာ အာရုံစိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။
“သူက ပထမဆုံးအကြိမ် ကစားခွင့်ရတဲ့ လူငယ်ကစားသမားတစ်ယောက်လိုပဲ နေ့စဉ်ဘဝကို ဖြတ်သန်းပါတယ်” လို့ မာတီနက်ဇ်က ဟန်ဂေရီနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ စိတ်နှစ်မြှုပ်ထားပုံ၊ နေ့တိုင်းမှာရှိနေတဲ့ လန်းဆန်းတက်ကြွမှုတွေက အံ့မခန်းပါပဲ။ သူက တကယ့်အနိုင်သမားပါ။ အကောင်းဆုံးဖြစ်ဖို့ အမြဲတမ်း ဆာလောင်နေတဲ့သူပါ။ ကမ္ဘာ့ဖလားလား? သူက ရေရှည်ပန်းတိုင်တွေ မထားပါဘူး။ နေ့စဉ်နေ့တိုင်းမှာ အကောင်းဆုံးဖြစ်ဖို့ပဲ သူကြိုးစားနေတာပါ။ သူ့ရဲ့ အဓိကအာရုံစိုက်မှုက နေ့စဉ်ဘဝပါပဲ။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပေါ်တူဂီဂျာစီကို ဝတ်ဆင်ရခြင်းရဲ့ အဓိပ္ပာယ်ကို အဝတ်လဲခန်းထဲမှာ သူပြောပြတဲ့စကားတွေက အသင်းကို အများကြီး အထောက်အကူပြုပါတယ်” လို့ နည်းပြက ရှင်းပြခဲ့ပါတယ်။
Photo Credit : Goal
ပေါ်တူဂီအသင်းဟာ ဟန်ဂေရီအသင်းနဲ့ (၁၄)ကြိမ်တွေ့ဆုံခဲ့ဖူးရာမှာ တစ်ခါမှ ရှုံးနိမ့်ဖူးခြင်းမရှိဘဲ (၁၀ ပွဲနိုင်၊ ၄ ပွဲသရေ) စံချိန်ကောင်း ရထားပါတယ်။ နှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု (၃)ကြိမ်စလုံးမှာလည်း ပေါ်တူဂီက ပေးဂိုးမရှိ အနိုင်ရခဲ့ပါတယ်။ အာမေးနီးယားနဲ့ပွဲကို လွဲချော်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားကလည်း ပြီးခဲ့တဲ့ နေးရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့တာက အသင်းကို ယုံကြည်မှုတွေ အများကြီးတိုးစေခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ခြေစွမ်းကောင်းတွေပြသဖို့ တွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။
“ဒီမျိုးဆက်အပေါ်ထားတဲ့ ယုံကြည်မှုကို ဖလားတစ်လုံးနဲ့ သက်သေပြနိုင်ခဲ့တာ ကောင်းပါတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရဖို့နဲ့ အဲ့ဒီပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားဖို့ဆိုတဲ့ ပိုကြီးမားတဲ့ ပန်းတိုင်ဆီကို ဆက်လှမ်းနေပါပြီ။” လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။