လီဗာပူးလ်တိုက်စစ်မှူး ဟူဂို အီကီတီကေးက နည်းပြ အာနီ စလော့ရဲ့အသင်းမှာ နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလိုက်ပြီး အသင်းဖော်သစ် အလက်ဇန်းဒါး အီဆက်ရဲ့ ရောက်ရှိလာမှုကြောင့် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို မျှော်လင့်ထားကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူးရဲ့ အနာဂတ် မရေမရာဖြစ်နေခဲ့တဲ့ သီတင်းပတ်များစွာအပြီးမှာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၂၅)သန်းနဲ့ အီဆက်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အီကီတီကေးကိုယ်တိုင်ကလည်း လီဗာပူးလ်ကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ စတင်ထားနိုင်သူဖြစ်ပြီး ပရီးမီးယားလိဂ် (၃)ပွဲမှာ (၂)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးထားတဲ့အပြင် ခရစ္စတယ် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ Community Shield ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Football FanCast
တစ်ဖက်မှာတော့ အီဆက်ဟာ ဒီရာသီမှာ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ပွဲမကစားရသေးဘဲ ဒီည (တနင်္လာနေ့) မှာ ကစားမယ့် ကိုဆိုဗိုအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆွီဒင်အတွက် ပွဲထွက်ကစားဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့လကမှ ပြင်သစ်လက်ရွေးစင်အသင်းကြီးအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့တဲ့ အီကီတီကေးက လီဗာပူးလ်လို အသင်းကြီးတစ်သင်းမှာ နေရာအတွက် ပြိုင်ဆိုင်မှုက မလွဲမသွေ ကြုံတွေ့ရမယ့်အရာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။”ခင်ဗျားက အကောင်းဆုံးအသင်းတွေမှာ ကစားတဲ့အခါ အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာကို မလွဲမသွေ မျှော်လင့်ထားရပါတယ်။” လို့ အီကီတီကေးက ပြောပါတယ်။

Photo Credit : Tribuna
“အီဆက်က ကျွန်တော် အရင်ကတည်းက ကြည့်ခဲ့ရတဲ့ ကစားသမားတစ်ယောက်ပါ၊ အခု သူရောက်လာတာကို မြင်ရတော့ ဝမ်းသာစရာပါပဲ။ဒါက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်ဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမှာဖြစ်လို့ ဒါက နည်းပြအတွက်ပဲ ခေါင်းခဲရမယ့်ကိစ္စဖြစ်သွားမှာပါ။” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ နိုင်ငံတကာပွဲစဉ်များ မတိုင်ခင်ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေကာ သူတို့ရဲ့ ချန်ပီယံဆုကာကွယ်ရေးခရီးကိုလည်း အဖွင့်လှထားနိုင်ပါတယ်။ အီဆက်ဟာ လီဗာပူးလ်အတွက် ပွဲဦးထွက်ကို လာမယ့် စက်တင်ဘာလ (၁၄)ရက်နေ့မှာ ကစားမယ့် ဘန်လေနဲ့ပွဲမှာ ပါဝင်ကစားဖွယ်ရှိပြီး သူ့ရဲ့ အိမ်ကွင်းပွဲဦးထွက်ကတော့ တစ်ပတ်အကြာမှာ ကစားမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ် ဖြစ်လာနိုင်ပါတယ်။