မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းတစ်ယောက် နော်ဝေလက်ရွေးစင်အသင်းရဲ့ ဘတ်စ်ကားတံခါးနဲ့ မျက်နှာကို မတော်တဆရိုက်မိပြီး ပါးစပ်မှာ သုံးချက်ချုပ်လိုက်ရတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လာမယ့် အင်္ဂါနေ့မှာ မော်လ်ဒိုဗာအသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စကင်ဒီနေးဗီးယားပြိုင်ဘက် ဖင်လန်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဟာလန်းဟာ အော့စလိုမြို့ရှိ အသင်းတည်းခိုရာ ဟိုတယ်ကို ရောက်ရှိစဉ်မှာ ကံဆိုးမှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Reddit

ဟာလန်းက ဘတ်စ်ကားပေါ်ကနေ ပလက်ဖောင်းပေါ်ကို ဆင်းလာပြီးနောက် ကစားသမားတွေရဲ့ ခရီးဆောင်အိတ်တွေထည့်ထားတဲ့ ကားနောက်ခန်းတံခါးအနီးမှာ ရပ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကားဝန်ထမ်းက တံခါးကို အရှိန်နဲ့ ဖွင့်လိုက်ရာမှာ တံခါးက ဟာလန်းရဲ့ ပါးစပ်ကို တည့်တည့်ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ဟာလန်းဟာ နာကျင်မှုကြောင့် “f**k” လို့ အော်ဟစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို နော်ဝေအသင်းဆရာဝန် အိုလာ ဆန်းနဲ့ လုံခြုံရေးအကြံပေး ဂျီယာ အဲလက်ဖ်ဆန်တို့က ဟိုတယ်ထဲကို အမြန်ဆုံး ခေါ်ဆောင်သွားပြီး ကုသမှုပေးခဲ့ရပါတယ်။

ဒီမတော်တဆမှုကြောင့် နှုတ်ခမ်းသွေးထွက်ဒဏ်ရာရခဲ့တဲ့ ဟာလန်းဟာ နောက်ပိုင်းမှာ သူ့ရဲ့ဒဏ်ရာကို (၃)ချက်ချုပ်ထားတဲ့ပုံနဲ့ selfie ရိုက်ကူးပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တစ်ဦးက နောက်ပြောင်ပြီး “ဘယ်သူက ထိုးလိုက်တာလဲ” လို့ မေးမြန်းရာမှာတော့ ဟာလန်းက ဟာသလုပ်ပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo Credit : Instagram

သူက “ဟားဟားဟား အဖြေမှားတွေပဲ ဖြေကြနော်” လို့ ရေးသားခဲ့ရာမှာ ပရိသတ်တစ်ဦးက မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်သလို သူ့ရဲ့နော်ဝေအသင်းဖော်လည်းဖြစ်တဲ့ “မာတင် အိုဒီဂတ်” ရဲ့ နာမည်ကို ဝင်ရေးခဲ့ပါတယ်။ ဒီ comment ကို ဟာလန်းက သူ့ရဲ့ထုံးစံအတိုင်း “အဖြေမှန်” လို့ နောက်ပြောင်ပြီး reply ပြန်ခဲ့ပါတယ်။

ဒီဒဏ်ရာအမာရွတ်တွေက ဟာလန်းကို နော်ဝေအတွက် နောက်ထပ်နိုင်ပွဲတစ်ခုရအောင် စိတ်ဓာတ်တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိမှာ နော်ဝေအသင်းဟာ အုပ်စု (I) မှာ (၄)ပွဲကစား (၄)ပွဲနိုင်ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အစ္စရေး၊ အီတလီ၊ အက်စ်တိုးနီးယားနဲ့ မော်လ်ဒိုဗာတို့ကို ကျော်ဖြတ်ကာ အုပ်စုထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ နော်ဝေအသင်းရဲ့ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ ဟာလန်းနဲ့ အိုဒီဂတ်အပြင် အော်စကာ ဘော့ဘ်၊ ဆန်ဒါ ဘာ့ဂျ် နဲ့ ခရစ္စတိုဖာ အေဂျာ တို့လည်း ပါဝင်ကြပါတယ်။