စပိန်ကွင်းလယ်လူ မီခေးလ် မယ်ရီနိုတစ်ယောက် သူ့ရဲ့နိုင်ငံအသင်းအတွက် အံ့အားသင့်ဖွယ် ဟက်ထရစ်သွင်းယူပြခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေက နည်းပြ မီခေးလ် အာတေတာကို အသင်းရဲ့ နည်းစနစ်ပိုင်းအပြောင်းအလဲလုပ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စပိန်အသင်းက တူရကီအသင်းကို ၆-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသက် (၂၉)နှစ်အရွယ် မယ်ရီနိုဟာ အာဆင်နယ်အသင်းဖော် မာတင် ဇူဘီမန်ဒီနဲ့အတူ ပွဲထွက်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Tribuna

ဒီပွဲစဉ်မှာ ဘာစီလိုနာကြယ်ပွင့် ပွဲစစချင်း ပက်ဒရီက (၆)မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့ပြီးနောက် မယ်ရီနိုရဲ့ ဂိုးတွေမြင်တွေ့ခဲ့ရတာပါ။ သူ့ရဲ့ ပထမဂိုးကို စပိန်ကစားသမားတွေရဲ့ အသေးစိတ်ကျတဲ့ ကစားကွက်ကနေတစ်ဆင့် ထက်ထက်မြက်မြက် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ ထပ်မံသွင်းယူခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အားမသန်တဲ့ ညာခြေနဲ့ အပိုင်ပိတ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ ဖာရန် တောရက်စ်က တစ်ဂိုးထပ်သွင်းခဲ့ပြီးနောက် ပွဲရဲ့ အလှဆုံးဂိုးကိုတော့ မယ်ရီနိုက ပြသသွားခဲ့ပါတယ်။ ပွဲချိန် ၅-၀ ဖြစ်စေမယ့် သူ့ရဲ့ ဟက်ထရစ်ဂိုးကို ကိုက် (၂၀)အကွာကနေ မထင်မှတ်ဘဲ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီး ဘောလုံးပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ မယ်ရီနိုရဲ့ ဂိုးသွင်းအား ပြင်းထန်မှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ နည်းပြ အာတေတာကို လက်ရှိအသုံးပြုနေကျ 4-3-3 ကစားကွက်ကို ပြောင်းလဲဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Photo Credit : The Sun

သူတို့ရဲ့ တောင်းဆိုချက်ကတော့ မယ်ရီနိုကို နွေရာသီမှာ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် ဗစ်တာ ယော်ကယ်ရက်စ်နဲ့အတူ တိုက်စစ်မှာတွဲဖက်ပေးပြီး 4-4-2 ကစားကွက်ကို ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက “4-4-2 ကစားကွက်က မယ်ရီနိုနဲ့ ယော်ကယ်ရက်စ်အတွက် ညီအစ်ကိုတွေလို လိုက်ဖက်ညီသွားလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “ဒီလိုပြောရင် ကျွန်တော့်ကို အရူးလို့ထင်ကြမှာပဲ။ ဒါပေမဲ့ မယ်ရီနိုကို ယော်ကယ်ရက်စ်နဲ့အတူ တိုက်စစ်မှာထားပြီး 4-4-2 ကစားကြည့်သင့်တယ်” လို့ ဆိုပါတယ်။

တချို့ကလည်း “ယော်ကယ်ရက်စ်ရဲ့နောက်မှာ ဟားဗက်ဇ် (ဒါမှမဟုတ်) မယ်ရီနိုကို second striker အဖြစ် ကစားခိုင်းရင် ပိုတောင်ကောင်းဦးမယ်” လို့ သုံးသပ်ခဲ့ကြပါတယ်။ ဆွီဒင်တိုက်စစ်မှူး ယော်ကယ်ရက်စ်ဟာ လာမယ့်နှစ်မှာ ဆွီဒင်တရားရုံးတစ်ခုရဲ့ အမှုမှာ သက်သေအဖြစ် ဆင့်ခေါ်ခံရဖွယ်ရှိနေတာကြောင့် အရေးကြီးပွဲစဉ်တချို့ကို လွဲချော်နိုင်ခြေရှိနေပါတယ်။ ဒါကြောင့် မယ်ရီနိုရဲ့ ဒီခြေစွမ်းဟာ အာတေတာအတွက် တိုက်စစ်ပိုင်းမှာ စဉ်းစားစရာ ရွေးချယ်မှုသစ်တစ်ခု ဖြစ်လာစေခဲ့ပြီး ပရိသတ်တွေကတော့ ကွင်းလယ်လူတစ်ယောက်ကို တိုက်စစ်မှူးအဖြစ် မြင်တွေ့လိုနေကြတာ ဖြစ်ပါတယ်။